ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၈
ပရောဖက်အတု ဟာနနိဟောချက်
၁ ထိုနှစ်တည်းဟူသော၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နယ်၊ အာဇုရသားဟာနနိက၊ ၂ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကို ငါချိုးမည်။ ၃ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသော ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ၄ ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကို ငါချိုးမည်ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ၊ လူများအပေါင်းတို့ရှေ့မှာ ငါ့အားပြောဆို၏။
ယေရမိက ပရောဖက် တုဟာနနိထံချေပ
၅ ထိုအခါ ပရောဖက်ယေရမိသည်၊ ဗိမာန်တော်၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ရှေ့မှာ၊ ပရောဖက် ဟာနနိအား ပြန်ပြောသည်ကား၊ ၆ အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော်။ ဗိမာန်တော် တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန်ကြောင်းကို ပြတော်မူပါစေသော်။ ၇ သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား၊ ငါယခုဟောပြောသော စကားကို နားထောင်လော့။ ၈ ငါတို့ မဖြစ်မှီရှေးကာလ၌ ဖြစ်ဘူးသော ပရောဖက်တို့သည်၊ များပြားသောပြည်၊ အားကြီးသော တိုင်းနိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေးရောက်မည်အကြောင်း၊ ကာလနာပေါ် မည်အကြောင်းတို့ကို ဟောပြောတတ်ကြ၏။ ၉ ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏စကားပြည့်စုံသောအခါ စင်စစ်ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။
ဟာနနိက ယေရမိလည်ပင်းမှ သစ်သား ထမ်းပိုးကိုချိုး
၁၀ ထိုအခါ ပရောဖက်ဟာနနိသည် ပရောဖက် ယေရမိလည်ပင်းမှ ထမ်းပိုးကိုယူ၍ ချိုးလျက်၊ ၁၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းပိုးကို နှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်းတို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက် ယေရမိသည်ထွက်သွားလေ၏။
သစ်သားအစား သံထမ်းပိုးထမ်းရမည်
၁၂ ပရောဖက် ဟာနနိသည် ပရောဖက်ယေရမိ၏ လည်ပင်းမှာ ထမ်းပိုးကို ချိုးပယ်သောနောက်၊ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ ၁၃ သင်သွား၍၊ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအားဆင့်ဆိုရမည်မှာ၊ သင်ချိုးသော သစ်သားထမ်းပိုးအစား၊ သံထမ်းပိုးကို လုပ်ရမည်။ ၁၄ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာ၏ အစေကို ခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းပိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏အစေကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
ပရောဖက်ဟာနနိသေ
၁၅ ပရောဖက် ယေရမိကလည်း၊ ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည် သင့်ကို စေလွှတ်တော်မမူ။ ဤလူမျိုးသည် မုသာ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။ ၁၆ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ထာဝရဘုရားကို ပုန်ကန်စေခြင်းငှါ၊ သွန်သင်သောကြောင့်၊ သင့်ကိုမြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိအား ပြောဆို၏။ ၁၇ ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင်၊ သတ္တမလ၌ သေလေ၏။