ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၁
ဇေဒကိမင်းက ယေရမိကို ဆုတောင်းခိုင်း
၁ ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ယေရမိတို့ထံသို့ စေလွှတ်၍၊ ၂ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကိုငါတို့ထံမှ ပြန်သွားစေခြင်းငှါ၊ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တဖန်ပြုတော်မူမည်အကြောင်း၊ ငါတို့အတွက်ထာဝရဘုရားကို တောင်းပန်ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
ဘုရားက ယုဒလူများကို သူကိုယ်တိုင်တိုက်မည်ဟုဆို
၃ ယေရမိက၊ သင်တို့သည် ဇေဒကိမင်းကြီးအား ပြန်ပြောရမည်မှာ၊ ၄ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏မြို့ပြင်မှာ တပ်စွဲ၍ နေသော ဗာဗုလုန်ရှင်ဘုရင်၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက်၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည်။ ထိုသူတို့ကို မြို့ထဲ၌ ငါစည်းဝေးစေမည်။ ၅ ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက်အရှိန်အားကြီး၍၊ ဆန့်သောလက်၊ သန်စွမ်းသော လက်ရုံးနှင့် သင်တို့ကိုတိုက်မည်။ ၆ ဤမြို့၌ နေသော လူသတ္တဝါ တိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ်၍၊ ပြင်းစွာသော ကာလနာဖြင့် သေရကြလိမ့်မည်။ ၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှနာဘေး၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသောမြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ၍ သူ၏ ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓါးနှင့်ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
ဗာဗုလုန်များထံ လက်မြှောက်သူတို့ အသက်ချမ်းသာမည်
၈ ထာဝရဘုရားကလည်း၊ သင်သည် ဤလူမျိုးတို့အား ဆင့်ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ရှေ့မှာ ငါဖွင့်ထား၏။ [A] ၉ ဤမြို့ထဲမှာ နေသောသူသည် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ [B] မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသောသူသည် အသက်ချမ်းသာ၍၊ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ [C] ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထားသည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ငါအပ်သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။
တရားသဖြင့် စီရင်ကြလော့
၁၁ ယုဒရှင်ဘုရင်အမျိုးကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။ ၁၂ အိုဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ် သူမျှ မသတ်နိုင်အောင် လောင်လိမ့်မည်။ ၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုချိုင့်၌ နေသောသူ၊ အိုလွင်ပြင်၌ ရှိသောကျောက်၊ သင့်တဘက်၌ ငါနေ၏။ သင်တို့က၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည်နည်း။ ငါတို့နေရာထဲသို့ အဘယ်သူ ဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း၊ ၁၄ သင်တို့အကျင့်နှင့် ထိုက်လျောက်အောင် အပြစ်ဒဏ်ကို ငါပေးမည်။ သင်တို့တောကို ငါရှို့သောမီးသည် ပတ်လည်၌ ရှိသမျှသော အရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။