ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၀
ယေရမိကိုပါ ရှုရက ရိုက်ပုတ်၍ထိတ်ခတ်
၁ ထိုသို့ ယေရမိ ဟောပြောကြောင်းကို၊ ဗိမာန်တော်မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ၊ ၂ ပရောဖက် ယေရမိကို ရိုက်ပုတ်၍၊ ဗိမာန်တော်နားမှာ ဗင်္ယာမိန်အထက်တံခါးဝတွင် ထိတ်ခတ်ထား၏။
ပါရှုရနှင့် အဆွေသိမ်းသွားခြင်းခံ၍ သေကြမည်
၃ နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့်တော်မူ၏။ ၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်နှင့်သင်၏ အဆွေခင်ပွန်းတို့၌ သင့်ကို ကြောက်မက်ဘွယ်သေ ာအရာဖြစ်စေမည်။ သူတို့သည် သင့်မျက်မှောက်၌ ရန်သူ၏ ဓါးဖြင့်ဆုံးကြလိမ့်မည်။ ယုဒပြည်တပြည်လုံးကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၍၊ ဓါးနှင့်သတ်လိမ့်မည်။ ၅ ဤမြို့၏ အစွမ်းသတ္တိရှိသမျှကို၎င်း၊ လုပ်ဆောင်၍ ရသမျှသော ဥစ္စာကို၎င်း၊ ဆည်းဖူးသမျှသော ရတနာကို၎င်း၊ ယုဒရှင်ဘုရင်၏ ဘဏ္ဍာတော် အလုံးစုံတို့ကို၎င်း၊ ရန်သူလက်သို့ ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။ ၆ သင်ပါရှုရနှင့် သင်၏ အိမ်သူအိမ်သား အပေါင်းတို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန်မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာစကားကို နားထောင်သော သင်၏ အဆွေခင်ပွန်း အပေါင်းတို့နှင့်တကွ၊ သင်သည် ထိုမြို့၌ သေ၍ သင်္ဂြိုလ်ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
ယေရမိ မဟောဘဲနေမည်ကြံ၍ လောင်သော မီးကဲ့သို့ခံစား
၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း၊ အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်းပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။ ၈ အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင်အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း အစဉ်ပြက်ပြယ်ခြင်းကို ခံစရာအကြောင်းဖြစ်ပါ၏။ ၉ ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်ဟုသဘောထားသော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး [A]၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍ မနေနိုင်။
ယေရမိကသူ့ကို ညှဉ်းဆဲသူတို့ ရှုံးမည်ဟုဆို
၁၀ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသောအရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြောကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာအစဉ်နေသောငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။ ၁၁ သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီးသောသူရဲကဲ့သို့ ငါဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသောသူတို့သည် မနိုင်ဘဲထိမိ၍ လဲကြလိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြလိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရ ရှက်ကြောက်ခြင်း ရှိကြလိမ့်မည်။ ၁၂ ဖြောင့်မတ်သောသူတို့ကို စုံစမ်း၍၊ နှလုံးကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၊ အကျွန်ုပ်၏ အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ်စီရင်တော်မူကြောင်းကို အကျွန်ုပ် မြင်ရပါလိမ့်မည်။ ၁၃ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရားသဖြင့် ပြုသောသူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း။
ယေရမိ မိမိဖွားသော နေ့ကိုကျိန်
၁၄ ငါဖွားသောနေ့ရက်သည် အမင်္ဂလာ ရှိပါစေသော်။ [B] ငါ့ကိုငါ့အမိဖွားသော နေ့ရက်သည် ကောင်းကြီးမင်္ဂလာကို မခံပါစေနှင့်။ ၁၅ ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သားယောက်ျားကိုရပါပြီဟု သိတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက် စေသောသူသည် အမင်္ဂလာရှိပါစေသော်။ ၁၆ ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော်မူသော မြို့တို့ကဲ့သို့၊ ထိုသူသည် ဖြစ်ပါစေသော်။ နံနက်အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော်ဟစ်သံကို၎င်း ကြားပါစေသော်။ ၁၇ အကြောင်းမူကား၊ သူသည် ငါ့ကို ဖွားစကပင်မသတ်ဘဲ၊ ငါ့အမိ၏ဝမ်းသည် ငါ၏သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ၊ နေပါသည်တကား။ ၁၈ ငါသည်ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည်အကြောင်းနှင့်၊ ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကိုဖွားမြင်ရပါသနည်း။