-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၃


ယေရမိကို ခါးပန်းဥဖရတ်မြစ်နားမှာ ဝှက်ခိုင်း

တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကိုသွား၍ ယူပြီးလျှင်၊ ခန်း၌ စည်းလော။ ရေနှင့်မလျှော်ရဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊ ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ ရောက်လျှင်၊ သင်သည်ခါး၌ စည်းသော ခါးပန်းကို ယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။ ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရဘုရားက၊ သင်သည်ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကို ထုတ်လော့ဟု မိန့်တော်မူ၏။ ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာအရပ်၌ တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။


ဣသရေလအမျိုးသည် ခါးပန်းကဲ့သို့ ပျက်စီးမည်

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ ထိုနည်းတူ၊ ယုဒပြည်၏ထောင် လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။ ၁၀ ငါ့စကားကိုနားမထောင်၊ မိမိစိတ်နှလုံး ခိုင်မာသော သဘောအတိုင်းကျင့်၍၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု ကိုးကွယ်ခြင်းငှါ လိုက်သွားသောဤ လူဆိုးမျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။ ၁၁ ခါးပန်းသည် လူ၏ခါး၌ မှီဝဲသကဲ့သို့ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ငါ၌ မှီဝဲစေသော်လည်း၊ သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။


ပြည်သူပြည်သား အပေါင်းယစ်မူးစေမည်

၁၂ တဖန် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည် အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊ ၁၃ သင်ကလည်း၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင်မြို့သားရှိသမျှတို့နှင့် ပြည်သူပြည် သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။ ၁၄ ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကိုငါထိခိုက်စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


နားထောင်နာယူကြလော့

၁၅ သင်တို့သည် နားထောင် နာယူကြလော့။ ထောင်လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော်ရှိ၏။ ၁၆ မိုးမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ၁၇ သင်တို့သည် နားမထောင်ဘဲ နေလျှင်မူကား၊ သင်တို့မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်းသွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန်ငို၍ မျက်ရည်ကျမည်။ ၁၈ ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသော သရဖူသည် သင်တို့၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု ရှင်ဘုရင်နှင့် မိဖုရားတို့အားပြောလော့။ ၁၉ တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှမဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။ ၂၀ မြောက်မျက်နှာက လာသောသူတို့ကို မျှော်၍ ကြည့်လော့။ သင့်အားငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာ ရှိသနည်း။ ၂၁ သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ၊ အဘယ်သို့ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကိုအစိုးရတရ ပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီ။ သားဖွားသောမိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့်မည် မဟုတ်လော။ ၂၂ သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏ အပြစ်များသောကြောင့်၊ သင့်အဝတ်ကိုချွတ်ရ၏။ ​ခြေနင်းကိုလည်းမစီးရ။


အဲသယောပိလူအရေပြောင်းနိုင်မှ
CROSS REFERENCES






၂၃ အဲသယောပိလူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို၎င်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကိုပြုလေ့ရှိသော သူတို့သည် သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင်ကြလိမ့်မည်။ ၂၄ ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက်လွင့်သကဲ့သို့ ထိုသူတို့ကို ငါလွင့်စေမည်။ ၂၅ သင်သည် ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေးလတံ့သော အငန်းအတာကား ဤသို့တည်း။ ၂၆ ထိုသို့နှင့်အညီသင်ရှက်စရာ အကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ပြမည်။ ၂၇ သင်၏မျောက်မ ထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန်၏ ညစ်ညူးခြင်း၊ [A]တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်း၊ ပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါသိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့မရောက်ဘဲ အဘယ်မျှ ကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.