-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၂


ယေရမိကိုထောင်ချ

နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ်၊ ယုဒရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၏။ ထိုအခါ ဗာဗုလုန်ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိသည် ယုဒရှင်ဘုရင်၏ နန်းတော် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရ၏။ အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင် လက်သို့ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။ ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့လက်နှင့် မလွတ်၊ ဗာဗုလုန်ရှင်ဘုရင် လက်သို့ ဆက်ဆက်ရောက်လိ့မ်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။ ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွားလိမ့်မည်။ ငါအကြည့်အရှု မလာမှီတိုင်အောင် ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကိုစစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင်သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။


ယေရမိဘထွေးသား ဟာနမေလ၏ လယ်ကိုဝယ်
CROSS REFERENCES






ထိုအခါ ယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ သင်၏ဘထွေးရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့် ဝယ်ပါ၊ [A] ဟုပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊ ငါ့ဘထွေးသား ဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သောအခွင့် ရှိသည်ဖြစ်၍၊ ကိုယ်အဘို့ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊ အာနသုတ်မြို့၌ ရှိသော ငါ့ဘထွေးသား ဟာနမေလ၏ လယ်ကို ငါဝယ်၍ လယ်ဘိုး ငွေတဆယ်ခုနစ်ကျပ်ကို ချိန်ပေးလေ၏။ ၁၀ စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ကို ခေါ်၍ ငွေကို ချိန်ခွင်နှင့် ချိန်ပေး၏။ ၁၁ ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ်တစောင်နှင့် ဖွင့်ထားသော လက်ခံတစောင်ကို ယူ၍၊ ၁၂ ဘထွေးသား ဟာနမေလအစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများ အပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သား ဗာရုတ်၌ အပ်လျက်၊ ၁၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၁၄ တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကိုယူ၍၊ ကာလကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ ထားလော့။ ၁၅ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြလေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထို သူတို့ရှေ့မှာ ဗာရုတ်ကို မှာထားလေ၏။


ယေရမိဆုတောင်း
CROSS REFERENCES





CROSS REFERENCES






၁၆ ထိုသို့ နေရိသား ဗာရုတ်၌ စာချုပ်ကိုအပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကားဟူမူကား၊ ၁၇ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကို ဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ [B] ၁၈ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။ [C]၁၈ ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာ ကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက်ဖြစ်သော သားတို့၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူ၏။ အလွန်ကြီးမြတ်သော ဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား ဟူသော ဘွဲ့နာမရှိတော်မူ၏။ ၁၉ ထူးဆန်းသော အကြံကို ကြံ၍၊ ထူးဆန်သောအမှုကိုစီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံပြုမူသည်အတိုင်း အကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသားများသွားလာသောလမ်းအစုံတို့ကို အစဉ်ကြည့်ရှုလျက် နေတော်မူ၏။ ၂၀ အဲဂုတ္တုပြည်၊ ဣသရေလပြည် အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ်ကျော်စောသော သိတင်းရှိတော်မူ၏။ ၂၁ နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကိုပြလျက်၊ အားကြီးသောလက်၊ ဆန့်တော်မူသောလက်ရုံး၊ အလွန် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ၍၊ ၂၂ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည် [D]ကို ပေးသနားတော်မူသဖြင့်၊ ၂၃ သူတို့သည်ဝင်၍ သိမ်းယူကြသော်လည်း၊ အမိန့်တော်ကို နားမထောင်၊ တရားတော် လမ်းသို့မလိုက်၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကိုသူတို့ အပေါ်သို့ ရောက်စေတော်မူပြီ။ ၂၄ ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ။ မြို့တော်ကိုတိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကား ပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။ ၂၅ ထိုသို့မြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထားရမည်အကြောင်း၊ မိန့်တော်မူပါပြီတကားဟု လျှောက်လေ၏။


ဘုရားကို စွန့်သောကြောင့် ဗာဗုလုန်လက်သို့အပ်မည်
CROSS REFERENCES





CROSS REFERENCES






၂၆ ထိုအခါ ထာ၀ရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ ၂၇ ငါထာဝရဘုရားသည် ခပ်သိမ်း သောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သော အရာတစုံတခု ရှိလိမ့်မည်လော။ [C] ၂၈ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့၎င်း၊ ငါအပ်၍ သူသည် သိမ်းယူလိမ့်မည်။ ၂၉ ဤမြို့ကိုတိုက်သော ခါလဒဲလူတို့သည် ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ဗာလဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားအဘို့ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုရာအိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြလိမ့်မည်။ ၃၀ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သောအရွယ်မှစ၍ ငါ့ရှေ့မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။ ၃၁ ဣသရေလ အမျိုးနှင့် ယုဒအမျိုး၏ ၃၂ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ကိုငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။ ၃၃ သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ် ဆုံးမသွန်သင်သော်လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။ [E]၃၄ ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညူးစေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်းထားကြပြီတကား။ ၃၅ သူတို့သားသမီးတို့ကို မောလုတ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံသား၏ ချိုင့်၌ ရှိသော ဗာလဘုရား၏ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။


ဣသရေလ အမျိုးကို ပြန်ဆောင်၍ ငြိမ်ဝပ်လိမ့်မည်
CROSS REFERENCES






၃၆ သို့ရာတွင်၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန် ရှင်ဘုရင်လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၃၇ ငါသည်အမျက် ဟုန်းဟုန်းထွက်၍၊ အမျက်အရှိန်အားကြီးသည်နှင့်၊ သူတို့ကို နှင်ထုတ်ရာ တိုင်းပြည်ရှိသမျှတို့မှ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင် ခဲ့ပြီးလျှင်၊ ငြိမ်ဝပ်စွာနေစေမည်။ ၃၈ သူတို့သည် ငါ၏လူ ဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။ [F] ၃၉ ကိုယ်အကျိုးအလို့ငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးလိုငှါ၎င်း၊ ငါ့ကို အစဉ်ကြောက်ရွံ့စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘောကို ငါပေးမည်။ ၄၀ သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရ ပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့သော သဘောနှင့် ပြည့်စုံစေမည်။ ၄၁ သူတို့အား ကျေးဇူးပြုခြင်းအမှု၌ ငါသည် အားရဝမ်းမြောက်၍၊ ငါ့စိတ် နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။ ၄၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးအပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကိုရောက်စေသည်နည်းတူ၊ ငါဂတိထားသော ကောင်းကျိုးအပေါင်းကိုလည်း ငါရောက်စေမည်။ ၄၃ လူမရှိ၊ တိရစ္ဆာန်မရှိဆိတ်ညံပြီး၊ ခါလဒဲလူတို့လက်သို့ ရောက်လေပြီဟု သင်တို့ ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။ ၄၄ ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင် မြို့ပတ်ဝန်းကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင် ရှိသောမြို့တို့၌၎င်း၊ တောင်ပေါမြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကိုစီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကို ခေါ်ထားခြင်းအမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို၊ တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.