🎨
Theme Selector
Predefined Theme
ယေရမိ အနာဂတ္တိ
အခန်းကြီး ၁
ယဇ်ပုရောဟိတ်ယေရမိထံ ဘုရားစကားပြော
၁ ယုဒရှင်ဘုရင် အာမုန်သား ယောရှိမင်း
[A] နန်းစံဆယ်သုံးနှစ်တွင်၎င်း၊
၂ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်လက်ထက်၌၎င်း၊ ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဉ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊
၃ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံရသောဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသား ယဇ်ပုရောဟိတ် ယေရမိစကားမှာ၊
(a)
ယေရမိကို အမိဝမ်းထဲမှ ပရောဖက်ခန့်
၄ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ ၅ သင့်ကိုအမိဝမ်းထဲ၌ ငါမဖန် ဆင်းမှီ [B] သင့်ကိုငါသိပြီ။ မဖွားမှီကပင် သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။ ၆ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ [C] သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊ ၇ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်ရှိရာသို့ သင့်ကိုငါစေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။ ၈ သူတို့ကို မကြောက်နှင့်။ [D] သင့်ကိုကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်၊ [E] ဟုမိန့်တော်မူပြီးမှ၊ ၉ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ [F] သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။ ၁၀ ကြည့်ရှုလော့၊ သင်သည်နှုတ်ပယ် ဖြိုချ ဖျက်ဆီးမှောက်လှဲရသော အခွင့်၊ တည်ဆောက် စိုက်ပျိုးရသောအခွင့်နှင့် [G] သင့်ကိုလူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
ဘုရားအမြင်အတိုင်းမြင်လျှင် မှန်ကန်စွာမြင်
၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ [H] ဟု မေးတော်မူလျှင်ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကို မြင်ပါ၏၊ ဟုလျှောက်သော်၊ ၁၂ ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့်နေမည်၊ ဟုမိန့်တော်မူ၏။
မြောက်မျက်နှာဘက်က ဘေးဥပဒ်ရောက်မည်
၁၃ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ [I]ဟုမေးတော်မူလျှင် ငါက အကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏၊ ဟုလျှောက်လျှင်၊ ၁၄ ထာဝရဘုရားက၊ မြောက်မျက်နှာဘက်က ဘေးဥပဒ်သည် ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။ [J]၁၅ အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည်လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ ရွာအလုံးစုံတို့၌၎င်း၊ မိမိတို့ရာဇပလ္လင်များကို အသီး အသီး၊ တည်ထားကြလိမ့်မည်။ ၁၆ ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ [K] အခြားသောဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သောအပြစ်၊ မိမိတို့လက်ဖြင့် လုပ်သောအရာကို ကိုးကွယ်သောအပြစ် ရှိသမျှတို့ကြောင့်၊ သူတို့ကိုငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။ ၁၇ သို့ဖြစ်၍ သင်သည် ခါးပန်းကိုစီး၍ ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကိုမကြောက်နှင့်။ ၁၈ ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား တည်းဟူသော တနိုင်ငံလုံးတဖက်၌ ခိုင်ခံသောမြို့၊ သံတိုင်၊ [L] ကြေးဝါထရံအရာ၌ သင့်ကိုယနေ့ငါခန့်ထား၏။ ၁၉ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နှုတ်ခြင်းငှါ၊ သင်နှင့်အတူငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
_________________________
Footnotes
၃ (a) ယေရမိသည် ၆၂၇-၅၈၀ BC အတွင်းပရောဖက်ပြုသည်။