🎨
Theme Selector
Predefined Theme
သုတ္တံကျမ်း
အခန်းကြီး ၁
ပညာ၏အချုပ်အခြာ ဘုရားကြောက်ရွံ့ခြင်း
၁ ပညာတရား၊ နည်းဥပဒေသတရားကို သိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ၂ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊၃ လျစ်လျူစွာဆုံးဖြတ်ခြင်း အမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊ ၄ ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလ ရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊ ၅ ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွါးရလိမ့်မည်။ ၆ ဥာဏ်ကောင်းသောသူသည် သုတ္တံစကား အနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသော စကားတို့ကို၎င်း၊ နားလည်သော နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။ ၇ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်၊ ပညာ၏ အချုပ်အခြာဖြစ်၏။ [A]လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင် ပြုတတ်ကြ၏။ ၈ ငါ့သား၊ အဘ၏ နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ ၉ ထိုနည်း ဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
ငါ့သားလူဆိုးတို့ သွေးဆောင်လျှင် ဝန်မခံနှင့်
၁၀ ငါ့သား၊ လူဆိုးတို့သည် သင့်ကို သွေးဆောင်လျှင် ဝန်မခံနှင့်။ ၁၁ သူတို့က ငါတို့နှင့်အတူ လိုက်တော့။ သူ့အသက်ကို သတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီး အပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။ ၁၂ သင်္ချိုင်းတွင်းသို့ ဆင်းသောသူတို့ ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက် ရှိသောထိုသူတို့ကို မရဏာနိုင်ငံ မျိုသကဲ့သို့ မျိုကြစို့။ ၁၃ အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကို တွေ့၍ လုယူသော ဥစ္စာနှင့် ငါတို့အိမ်ကို ပြည့်စေကြမည်။ ၁၄ ငါတို့နှင့် ပေါင်းဖေါ်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့၊ ဟုဆိုသော်လည်း၊ ၁၅ ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ ၁၆ အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ ၁၇ အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။ ၁၈ လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်းမြောင်းတတ်ကြ၏။ ၁၉ မတရားသော စီးပွားကိုရှာသောသူ အပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏ အသက်ကို သတ်တတ်၏။
ပညာ၏ခေါ်သံ
၂၀ ပညာသည်ပြင်မှာ ကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။ ၂၁ လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း၊ ခေါ်၍မြွက်ဆိုသော စကားဟူမူကား၊ ၂၂ အိုလူမိုက်တို့၊ သင်တို့သည် မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက် အဘယ်မျှ ကာလပတ်လုံး နေကြလိမ့်မည်နည်း။ ၂၃ ငါဆုံးမသော စကားကိုနားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊ ငါ့စကား၏ အနက်အဓိပ္ပါယ်ကို နားလည်စေမည်။
ပညာက ငါ့ကိုခေါ်သောအခါ ငါမထူး
၂၄ ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သောကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှ မမှတ်သောကြောင့်၎င်း၊ ၂၅ ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကိုမျှ နားမခံဘဲ နေသောကြောင့်၎င်း၊ ၂၆ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သောအခါ ငါပြက်ယယ်ပြုမည်။ ၂၇ သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်း အမှုကဲ့သို့၎င်း၊ သင်တို့ ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း၊ ရောက်လာ၍၊ သင်တို့သည် ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ၂၈ ထိုအမှုရောက်သော သူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ ရှာသော်လည်း မတွေ့ရကြ။ ၂၉ အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကို မုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။ ၃၀ ငါသတိပေးခြင်းကို အလျင်းနားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။ ၃၁ ထိုကြောင့် သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုးအပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့်မည်။ ၃၂ ဥာဏ်တိမ်သော သူတို့သည် လမ်းလွဲသဖြင့် [B] အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။ ၃၃ ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။