တရားသူကြီးမှတ်စာ
အခန်းကြီး ၁
ယုဒနှင့် ရှိမောင်အမျိုး ခါနနိလူတို့ကိုတိုက်
၁ ယောရှု အနိစ္စ ရောက်သောနောက်၊ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်း၊ ဟုထာဝရဘုရားအား မေးလျှောက်ကြလျှင်၊ ၂ ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်၊ ဟုမိန့်တော်မူ၏။ ၃ ယုဒသည် မိမိအစ်ကို ရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှာ၊ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်၊ ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွားလေ၏။ ၄ ယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတစ်ထောင်ကို သတ်လေ၏။ ၅ အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌ တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကို သတ်သောအခါ၊ ၆ အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ ဖမ်းမိပြီးလျှင်၊ လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။ ၇ အဒေါနိဗေဇက်ကလည်း၊ လက်မနှင့်ခြေမ ဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည် အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါပြုဖူးသည်အတိုင်း၊ ဘုရားသခင်သည် ငါ၌ အပြစ် ပေးတော်မူပြီ၊ ဟုဆို၏။ ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။ ၈ ယုဒအမျိုးတို့သည် ယေရုရှလင်မြို့ကို တိုက်၍၊ ဓားနှင့်လုပ်ကြံပြီးမှ မီးရှို့ကြ၏။ ၉ ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်း၊ နေသော ခါနနိလူတို့ကို အတိုက်သွားကြ၏။
ကာလက်ကို သမီးက စမ်းရေတွင်းတောင်း
၁၆ မောရှေ ယောက္ခမ၏သား မြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒ အမျိုးသားနှင့်အတူ စွန်ပလွံမြို့မှ အာရဒ်မြို့တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။ ၁၇ တဖန်ယုဒသည် အစ်ကို ရှိမောင်နှင့်အတူသွား၍၊ ဇေဖတ်မြို့၌ နေသော ခါနနိလူတို့ကို လုပ်ကြံ၍၊ မြို့ကို ရှင်းရှင်း ဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟောမာအမည်ဖြင့် သမုတ်ကြ၏။ ၁၈ ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက်ယူလေ၏။ ၁၉ ထာဝရဘုရားသည် ယုဒနှင့်အတူ ရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာ နေသောသူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထား ရှိကြ၏။ ၂၀ မောရှေ မှာထားသည်အတိုင်း၊ ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ၍၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။ ၂၁ ဗင်္ယာမိန် အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌ နေသော ယေဗုသိ လူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန် အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။ ၂၂ ယောသပ် အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ၂၃ လုဇ အမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှာ စေလွှတ်သော သူလျှိုတို့သည်၊ ၂၄ မြို့ထဲက ထွက်လာသော လူတစ်ယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြုလျှင် သင့်ကို ချမ်းသာပေးမည်၊ ဟုဆိုသော်၊ ၂၅ ထိုသူသည် မြို့ထဲသို့ဝင်သော လမ်းကိုပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ဓားနှင့်လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သား အပေါင်းတို့ကို လွှတ်ကြ၏။ ၂၆ ထိုသူသည် ဟိတ္တိပြည် သို့သွားပြီးလျှင် မြို့ကို တည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
၂၇ မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။ ၂၈ တဖန် ဣသရေလ အမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း၊ အခွန်ကို ဆက်သွင်းစေကြ၏။ ၂၉ ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌ နေသောခါ နနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂဇောမြို့၌ ရောနှောလျက် နေကြ၏။ ၃၀ ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နာဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် ရောနှောလျက် နေ၍ အခွန်ပေးကြ၏။ ၃၁ ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ၃၂ အာရှာ အမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ ၃၃ ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ် မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ် မြို့သားတို့သည် အခွန်ပေးလျက် နေကြ၏။ ၃၄ အာမောရိ လူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။ ၃၅ အာမောရိ လူတို့သည် ဟေရက် တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ် အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိ လူတို့သည် အခွန်ပေးရကြ၏။ ၃၆ အာမောရိလူ နေရသော အရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ် ပေတည်း။