နာဟုံ အနာဂတ္တိ
အခန်းကြီး ၁
၁ ဧလခေါရှရွာသားနာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊
၂ ထာဝရ ဘုရားသည် သဝန်တို၍ ဒဏ်ပေးသောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက်ပြင်းထန်တော်မူ၏။ ထာဝရဘုရားသည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍၊ ရန်သူတို့ကို အငြိုးထားတော်မူ၏။
၃ ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင် အပြစ်တည်သောသူတို့ကို အပြစ်မှလွှတ်တော်မမူ။ ထာဝရဘုရားသည် လေဘွေ၌၎င်း၊ မိုးသက်မုန်တိုင်း၌၎င်း၊ ကြွတော်မူ၍၊ မိုးတိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်ကြ၏။ ၄ ပင်လယ်ကိုဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသောမြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
၅ ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့်လောကဓါတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။
၆ အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချတော်မူ၏။
၇ ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။
၈ ရန်သူနေရာကို လွှမ်းမိုးသောမြစ်ရေနှင့် ဆုံးရှုံးစေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိမ့်မည်။
၉ ထာဝရဘုရားတဘက်၌ အဘယ်သို့ ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တဖန်နှိပ်နင်းစရာအကြောင်း မရှိရ။
၁၀ သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညိတွယ်လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ ဖြစ်လိမ့်မည်၊ သွေ့ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။
၁၁ ထာဝရဘုရားတဘက်၌ မကောင်း သောအကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲကပေါ်လာပြီ။
၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲဘူးသော်လည်း နောက်တဖန်မညှဉ်းဆဲ။
၁၃ ယခုမှာသင်၌ သူတင်သော ထမ်းပိုးကို ငါချိုးပယ်၍၊ ချည်နှောင်သော ကြိုးတို့ကို လည်းဖြတ်မည်။
၁၄ သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏ အမျိုးမဆက်မနွယ်ရ။ ထုသောရုပ်တုနှင့် သွန်းသောရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်ကို ငါလုပ်မည်။
၁၅ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကိုတောင်ပေါ်မှာ ကြည့်ကြလော့။ အိုယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကိုဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖျက်ခြင်းကို ခံရသောကြောင့်၊ နောက်တဖန်သင့်ကို မကျော်မနင်းရ။