-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၈


ဘုရားဖြစ်ဟန်ဆောင်သော တုရုရှင်ဘုရင်
CROSS REFERENCES






တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည်ဘုရားဖြစ်ပါ၏၊ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်၊ ဟုဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊ သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည်တကား။ သင်မသိရအောင် သူတပါး ဝှက်ထားနိုင်သောအရာ တစ်စုံတခုမျှမရှိ။ ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကိုဆည်းဖူးပြီ။ ထူးဆန်းသောပညာနှင့် ကုန်စလယ်များအားဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့်၊ ကြောက်မက်ဖွယ်သော တစ်​ကျွန်းတနိုင်ငံသားတို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ပညာဂုဏ်ကို ဓားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။ သင့်ကို မြေတွင်းထဲသို့ နှိမ့်ချ၍၊ ပင်လယ်အလယ်၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့်မည်။ သင့်အသက်ကို သတ်သောသူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့်၊ ငါသည်ဘုရားဖြစ်သည်၊ ဟုသင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။ ၁၀ အရေဖျားလှီးခြင်း [A] မခံသော လူသေသကဲ့သို့၊ သင်သည် တစ်​ကျွန်းတနိုင်ငံ သားတို့လက်ဖြင့် သေရမည်။ ငါပြောပြီ၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


တုရုရှင်ဘုရင်နောက်ကွယ်ရှိ စာတန်၏အစ

၁၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ၁၂ အချင်းလူသား၊ တုရုရှင်ဘုရင်အတွက် မြည်တမ်းသောစကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့် ပြည့်စုံ၍ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက်ရှိ၏။ ၁၃ ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မျက်အမျိုးမျိုးတို့ကို ဆောင်းလေ၏။ ရွှေဖြင့်လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဖွားသောနေ့၌ပင် သင့်အဖို့ ပြင်ဆင်လျက် ရှိကြ၏။ ၁၄ သင်သည်ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။ ၁၅ ဖွားသောနေ့မှစ၍ သင့်အပြစ် ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ ၁၆ သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသော အပြစ်ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သောသူကဲ့သို့၊ သင့်ကို ဘုရားသခင်၏ တောင်တော်ပေါ်က နှင်ထုတ်မည်။ အို လွှမ်းမိုးသောခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။ ၁၇ သင်သည် ကိုယ်၌ တင့်တယ်ခြင်း အသရေကြောင့် ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှာ၊ သူတို့ရှေ့မှာ သင့်ကို ငါချထားမည်။ ၁၈ သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကို မီးရှို့ဖို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကို မြင်သောသူ အပေါင်းတို့ရှေ့မှာ၊ သင်၏ပြာကို မြေပေါ်သို့ ငါချထားမည်။ ၁၉ သင့်ကိုသိသော လူအမျိုးမျိုးတို့သည် သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ် ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ၊ ဟုမိန့်တော်မူ၏။


ဇိဒုန်မြို့တဘက်၌ ပြုသောပရောဖက်ပြုချက်

၂၀ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၂၁ အချင်းလူသား၊ သင်သည် ဇိအုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ ၂၂ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အိုဇိဒုန်မြို့၊ သင့်တစ်ဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုး ထင်ရှားလိမ့်မည်။ သင့်ကို ငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကို ခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။ ၂၃ သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏လမ်းတို့၌ ဓားဘေးကို၎င်း၊ ငါစေလွှတ်၍ ပတ်လည်၌ တိုက်သောဓားဖြင့် သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ၂၄ ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၌နေ၍၊ မထီမဲ့မြင်ပြုသောသူတို့တွင် စူးတတ်သောဆူးပင်၊ နှောင့်ယှက်တတ်သော ငြောင့်တစ်စုံတခုမျှ မကျန်ကြွင်းရ။ ငါသည် ထာဝရဖြစ်ကြောင်းကို သိရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ဣသရေလလူတို့ကို ခေါ်သောအခါ ငါသည်ဘုရားဖြစ်ကြောင်းသိမည်

၂၅ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့သည် ကွဲပြားလျက် နေရသောလူ အမျိုးမျိုးထဲက ငါခေါ်၍ စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကို ငါခံ၍၊ ငါ့​ကျွန်ယာကုပ်အား ငါအရင်ပေးသောပြည်၌ သူတို့သည် နေကြလိမ့်မည်။ ၂၆ ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ် စိုက်ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ပတ်လည်၌နေ၍ မထီမဲ့မြင်ပြုသောသူ အပေါင်းတို့ကို၊ ငါသည် အပြစ်ဒဏ်စီရင်သောနောက်၊ သူတို့သည် စိုးရိမ်စရာမရှိဘဲနေ၍၊ ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို၊ သိရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.