နေဟမိမှတ်စာ
အခန်းကြီး ၁
နေဟမိ ယေရုရှလင်မြို့ အကြောင်းကြားသိ
၁ ဟာခလိသား နေဟမိစကားဟူမူကား၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ငါသည် ရှုရှန်နန်းတော်၌ နေစဉ်၊ ၂ ငါ့ညီဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသော ယုဒလူစုထဲက လွတ်သောသူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကို မေးမြန်းလျှင်၊ ၃ သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲကလွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးသောဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက် မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီ၊ ဟုပြန်ပြောကြ၏။
နေဟမိဆုတောင်း
၄ ထိုစကားကို ကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် ရှေ့တော်၌ ဆုတောင်းသော ပဌနာဟူမူကား၊ ၅ အိုကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် ထာဝရဘုရား၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော ဘုရား၊ ပညတ်တော်တို့ကို နှစ်သက်၍ ကျင့်စောင့်သောသူတို့နှင့် ဖွဲ့သော ကရုဏာ ပဋိညာဉ် ကိုမဖျက်၊ တည်စေတော်မူသော ဘုရား၊
၆ ကိုယ်တော်ကျွန်ဣသရေလအမျိုးသားတို့အဘို့၊ ရှေ့တော်၌ နေ့ညမပြတ်အကျွန်ုပ် ဆုတောင်း၍၊ ဣသရေလ အမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဖေါ်ပြ၍၊ တောင်းပန်သော ကိုယ်တော်ကျွန်၏ ပဌနာစကားကို ကြားခြင်းငှါ၊ ယခုနားထောင်၍ စေ့စေ့ ကြည့်ရှုတော်မူပါ။
၇ အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ။ ကိုယ်တော်ကို ပြစ်မှား၍၊ အလွန်ဆိုးညစ်သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသော ပညတ်တရား၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို မစောင့်ဘဲ နေပါပြီ။
၈ ကိုယ်တော်က၊ သင်တို့သည် လွန်ကျူးလျှင်၊ သင်တို့ကို တပါးအမျိုးသား တို့တွင် ကွဲပြားစေမည်။
၉ တဖန် ငါ့ထံသို့ ပြန်လာ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်ပြန်လျှင်၊ မိုးကောင်းကင်အောက် အဝေးဆုံးသော အရပ်သို့၊ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်က ငါသိမ်းယူ၍၊ ငါ့နာမတည်ရာဘို့ ငါရွေးချယ်သော အရပ်သို့ ဆောာင်ခဲ့မည်၊ ဟုကိုယ်တော်ကျွန် မောရှေ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ။
၁၀ ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်နက်တော်ဖြင့် ရွေးနှုတ်သော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။
၁၁ အိုဘုရားရှင်၊ ကိုယ်တော်ကျွန် ပြုသော ပဌနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသောပဌနာ စကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်းကြီး ပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာ ရပါမည်အကြောင်း ကယ်မသနားတော်မူပါ၊ ဟုဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။