ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၃
အာဗြံဇနီးမောင်နှံတို့ အဲဂုတ္တုပြည်မှ ခါနာန်ပြည်သို့ ပြန်ရောက်
၁ အာဗြံဇနီး မောင်နှံတို့သည်လည်း လောတနှင့်တကွ မိမိတို့၌ ရှိသမျှသောဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည် တောင်ပိုင်းသို့ ရောက်ကြ၏။ ၂ ထိုအခါ အာဗြံသည်သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏။၃ တဖန် တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌ ၊ အထက်က တဲကိုဆောက်၍၊ ၄ ယဇ်ပလ္လင်ကို တည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။ ၅ အာဗြံနှင့်လိုက်လာသော လောတသည်လည်း သိုးနွားများနှင့် တဲအများရှိသဖြင့်၊ ၆ ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်းမနေနိုင်ကြ။ ၇ အာဗြံနွားကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
အာဗြံနှင့် တူလောတတို့ နေရာခွဲ
၈ အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက် ငါနှင့်သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့် သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။ ၉ မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော၊ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဖက်သို့သွားလျှင်၊ ငါသည် လက်ယာဘက်သို့ သွားမည်။ သင်သည် လက်ယာဘက် သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည် ဟုဆို၏။ ၁၀ ထိုကာလအခါ သောဒုံမြို့နှင့် ဂေါမောရမြို့ကို၊ ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း၊ အဲဂုတ္တုပြည်ကဲ့သို့၎င်း ဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊ ၁၁ ယော်ဒန် ချိုင့်တလျောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ပြောင်းသွားသဖြင့်၊ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ကွဲပြားကြ၏။ ၁၂ အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ ၁၃ သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌ ၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
ဘုရားသခင်က အာဗြံအားမြေကိုပေး၍ များပြားဖို့ ကတိပေး
၁၄ လောတသည် အာဗြံနှင့် ခွါ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အ ရှေ့၊ အနောက်သို့ မြော်ကြည့်လော့။ ၁၅ သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။ ၁၆ သင်၏ အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။ ၁၇ သင်ထ၍ မြေကိုအလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း လျှောက်သွားလော့။ သင်အားငါပေးမည်၊ ဟုမိန့်တော်မူ၏။ ၁၈ တဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှနေရာကျ၍၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လေ၏။