-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၉

ငါသည် ထာ၀ရဘုရား ဖြစ်ကြောင်းသိကြလိမ့်မည်

သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရှောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ ငါသည် သင့်တဘက်၌ နေ၏။ သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက်မျက်နှာမှ ချီလာ၍၊ ဣသရေလ တောင်တို့အပေါ်သို့ ရောက်စေမည်။ ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း၊ လက်ျာလက်မှ မြှားကို၎င်း၊ ငါရိုက်၍ ကျစေမည်။ သင်နှင့်သင်၌ ပါသော တပ်သားအပေါင်းတို့သည်၊ ဣသရေလ တောင်တို့အပေါ်မှာ လဲ၍ သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ ကိုက်စားစရာဘို့ ငါအပ်မည်။ သင်သည် လွင်ပြင်၌ လဲ၍ သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ်စွာနေသော သူတို့အပေါ်သို့၊ မီးကို ငါလွှတ်လိုက်၍ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ထိုသို့ ငါ၏ နာမမြတ်ကို ငါ၏လူ ဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန် သူတို့သည် ငါ၏နာမမြတ်ကို မရှုတ်ချရကြ။ ငါသည် ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရား ဖြစ်ကြောင်းကို၊ တပါးအမျိုးသားတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။


ခုနစ်နှစ်မီးရှို့မည်

တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့် ပြီးသော နေ့ရက်ဖြစ်၏။ ဣသရေလမြို့တို့၌ နေသောသူတို့သည်၊ ထွက်သွား၍ စစ်တိုက် လက်နက်ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။ ၁၀ ထိုကာလတွင် ဥယျာဉ်၌ ထင်းမခွေ၊ တော၌ မခုတ်မလှဲ၊ စစ်တိုက် လက်နက်တို့နှင့် မီးမွှေးကြလိမ့်မည်။ ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသော သူတို့၏ ဥစ္စာကိုလည်း လုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။



ခုနစ်လမြေမြှုပ်ကြလိမ့်မည်

၁၁ ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီးသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူ အလုံးအရင်း ရှိသမျှကို မြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့် အမည်ဖြင့် တွင်လိမ့်မည်။ ၁၂ ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ၊ ခုနစ်လပတ်လုံးမြေ၌ မြှုပ်ကြလိမ့်မည်။ ၁၃ ပြည်သားအပေါင်းတို့သည် ဝိုင်း၍၊ မြေ၌ မြှုပ်သဖြင့် ငါ၏ ဘုန်းပွင့်သော ထိုနေ့ရက်၌၊ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၄ အရပ်ရပ်လှည့်လည်၍၊ အခြားသော ခရီးသည် တို့နှင့်ဝိုင်းလျက်၊ မြေပေါ်၌ ကြွင်းသေးသော အသေကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ၊ အစဉ် အမှုစောင့်သောသူတို့ကို ရွေးကောက်၍ ခန့်ထားရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေကြစဉ်တွင်၊ ၁၅ လှည့်လည်၍ခရီး သွားသော သူတို့သည် အသေကောင်၏ အရိုးကို တွေ့မြင်လျှင် မြေ၌ မြှုပ်သော သူတို့သည် ဟာမုန် ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင် အရိုး၏ အနားမှာ မှတ်တိုင်ကို စိုက်ရ ကြမည်။ ၁၆ ထိုအရပ်၌ တည်သော မြို့သည်လည်း ဟာမုန်မြို့ဟူ၍တွင် သဖြင့်၊ ထိုသို့ ပြည်တော်ကို သန့်ရှင်းစေကြလိမ့်မည်။



ထာဝရဘုရား၏ ယဇ်ပွဲကြီး

၁၇ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန် ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး၍ လာကြလော့။ ဣသရေလ တောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီးသို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသား အသွေးကို သောက်စားခြင်းငှါ လာကြလော့။ ၁၈ သင်တို့သည် အားကြီးသော သူတို့၏အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေးသော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥ ဿဘတို့၏အသား အသွေးကို သောက်စားရကြလိမ့်မည်။ ၁၉ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့် ယစ်မူးသည့်တိုင်အောင် သောက်ရကြလိမ့်မည်။ ၂၀ ထိုသို့စားပွဲ၌ မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီးသောသူ၊ စစ်တိုက်သော သူအမျိုးမျိုးတို့ကို ဝစွာစားရကြလိမ့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။


ဘုရားဘုန်းထင်ရှားမည်

၂၁ ငါ့ဘုန်းကိုလည်း တပါးအမျိုးသား တို့တွင် ငါထင်ရှားစေ၍၊ ငါစီရင်သောတရားမှုနှင့်သူတို့၌ ငါတင်သော လက်ကိုတပါး အမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။ ၂၂ ငါသည် သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားတို့သည် ထိုနေ့မှစ၍ သိရကြလိမ့်မည်။ ၂၃ ဣသရေလ အမျိုးသားတို့သည် မိမိအမျိုးအပြစ်ကြောင့် သိမ်းသွားခြင်း ခံရကြောင်းကို တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသောကြောင့် ငါသည် မျက်နှာလွှဲ၍ ရန်သူတို့ လက်သို့အပ်သဖြင့်၊ ထိုသူအပေါင်းတို့သည် ဓါးဖြင့်လဲ၍ သေရကြပြီ။ ၂၄ သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်း အမှုတို့အတိုင်းငါသည် ပြု၍ မျက်နှာကိုလွှဲပြီ။ ၂၅ ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသော ယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏ နာမမြတ်အဘို့ အလို့ငှါ စိတ်အားကြီးမည်။ ၂၆ သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊ ၂၇ ရန်သူနေရာပြည်တို့မှ စုဝေးလျက်၊ သူတို့အားဖြင့် များစွာသော လူမျိုးတို့ရှေ့မှာ ငါသည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ သူတို့သည် ကြောက်စေသောသူမရှိ၊ ငြိမ်ဝပ်စွာ နေကြစဉ်တွင် ခံရဘူးသော အရှက်ကွဲခြင်းနှင့် ငါ့အားပြစ်မှားခြင်း အပြစ်များကို အောက်မေ့ရကြလိမ့်မည်၊ ၂၈ ငါသည် သူတို့ကို တပါးအမျိုးသားတို့၏ သိမ်းသွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ၂၉ ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလ အမျိုးသားတို့ အပေါ်သို့ သွန်းလောင်းသောအခါ သူတို့တွင် တယောက်ကိုမျှ နောက်တဖန် ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်း မလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.