-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၄


သိုးထိန်းတို့သည်သိုးများကိုမကြည့်ရှုကြ

တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား သင်သည်ဣသရေလအမျိုးသိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို ဆင့်ဆိုရ မည်မှာ၊ ကိုယ်ကိုသာ​ကျွေးမွေးသော ဣသရေလအမျိုးသိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကိုမ​ကျွေးမွေးရသလော။ သင်တို့သည် သိုးနို့ကိုစားကြ၏၊ သိုးမွေးကိုဝတ်ကြ၏၊ ဆူဖြိုးသောသိုးတို့ကိုလည်း သတ်ကြ၏၊ သို့ရာတွင် သိုးတို့ကို မ​ကျွေးမွေးပါတကား။ အားနည်းသောသိုးကို မမစကြ။ နာသောသိုးကိုဆေးမကုကြ။ အရိုးကျိုးသောသိုးကိုအဝတ်နှင့် မစည်းကြ။ သူတပါးနှင်သောသိုးကို လိုက်၍မဆောင်ခဲ့ကြ။ ပျောက်သောသိုးကိုမရှာကြ။ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။ သိုးထိန်းမရှိသောသူကြောင့် သိုးတို့သည်ကွဲပြားကြ၏။ ကွဲပြားလျက်ရှိနေသောအခါခပ်သိမ်းသောတောသားရဲ စားစရာဖြစ်ကြ၏။ ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများအပေါ်မှာလဲ၍ မြေတပြင်လုံးတွင် အရပ်ရပ်သို့ကွဲပြားပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်မရှာကြ၊


သိုးထိန်းတို့နောက်မထိန်းရ

သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း သိုးထိန်းမရှိ၊ အဘယ်သိုးထိန်းမျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကိုမ​ကျွေးမွေး။ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည်လုယူစရာ ခပ်သိမ်းသောတောသားရဲ စားစရာဖြစ်သောကြောင့်၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့။ ၁၀ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့တဘက်၌ နေ၏။ ငါ့သိုးများကို သူတို့၌ ငါတောင်း၍ သိုးထိန်းအရာကိုနှုတ်မည်။ သိုးထိန်းတို့သည် နောက်တဖန် ကိုယ်ကိုမ​ကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပါးစပ်မှငါနှုတ်၍ နောက်တဖန်မကိုက်မစားရကြ။


ထာရဘုရားကိုယ်တိုင်သိုးများကိုရှာမည်

၁၁ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။ ၁၂ ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ရှာသကဲ့သို့၊ ငါသည်လည်းငါ့သိုးတို့ကို ကြိုးစား၍ရှာမည်။ မိုးအုံ့၍မိုက်သော နေ့၌ သူတို့ကွဲပြားသောအရပ်ရပ်တို့က ငါနှုတ်ဆောင်မည်။ ၁၃ အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့နေရင်းပြည်သို့ပို့ဆောင်မည်။ ဣသရေလတောင်တို့အပေါ်၊ မြစ်တို့အနားအစရှိသောနေစရာအရပ်တို့၌ ကျွေးမွေးမည်။ ၁၄ ကောင်းသောကျက်စားရာအရပ်၌ ​ကျွေးမွေးမည်။ မြင့်သောဣသရေလတောင်တို့အပေါ်မှာသူတို့ခြံရှိလိမ့်မည်။ သူတို့ သည် ဣသရေလတောင်ပေါ်မှာ ကောင်းသောခြံ၌ အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားရကြလိမ့်မည်၊ ၁၅ ငါသည် ငါ့သိုးများကို​ကျွေးမွေးမည်။ အိပ်ရာကိုလည်းငါပေးမည်။ ၁၆ ပျောက်သောသိုးများကိုငါရှာမည်။ သူတပါးနှင်သောသိုးကို လိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။ ဆူဖြိုး၍အားရှိသောသိုးကို ကား တရားအတိုင်းကျွေးမွေး၍ ကွက်မျက်မည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။


မြက်ပင်ကိုနင်းရေကိုနောက်စေသောသိုးများ

၁၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါသိုးတို့ တိရိစ္ဆာန်အမျိုးတို့ကို၎င်း၊ သိုးအထီးနှင့်ဆိတ်ထီးတို့ကို၎င်း၊ ငါပိုင်းခြားမည်။ ၁၈ သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သောမြက်ပင်ကိုနင်းသောအမှုသည် သာမညအမှုဖြစ်သည်၊ ဟုထင်မှတ်ကြသလော။ ကြည်သောရေကိုသောက်သည်သာမက၊ ကျန်သောရေကို​ ခြေနှင့်နောက်စေသောအမှုသည် သာမညအမှုဖြစ်သည်၊ ဟုထင်မှတ်ကြသလော။ ၁၉ သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ​ခြေနှင့်နောက်သောရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြမည်လော။


ဒါဝိဒ်သည်သိုးထိန်းမည်

၂၀ သို့ဖြစ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသောတိရိစ္ဆာန်တို့နှင့် ပိန်ကြုံသောတိရိစ္ဆာန်တို့ကို ငါသည်ကိုယ်တိုင်ပိုင်းခြားမည်။ ၂၁ သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ်သို့ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်းတိုး၍ ချိုနှင့်ခွေ့သောကြောင့်၊ ၂၂ ငါသည်ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန်အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။ ၂၃ သိုးထိန်းတစ်ဦးကိုလည်းငါခန့်ထား၍ သူသည်ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို​ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။ ၂၄ ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားပြောပြီ။ ၂၅ သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌ အိပ်ပျော်ကြလိမ့်မည်။ ၂၆ သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသောအရပ်တို့ကို၎င်း၊ ငါကောင်းကြီးပေး၍၊ အချိန်တန်လျှင် မိုးကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေကျရလိမ့်မည်။ ၂၇ တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာနေကြလိမ့်မည်။ သူတို့ထမ်းသောထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်းသောသူတို့လက်မှ ကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ၂၈ နောက်တဖန် တပါးအမျိုးသားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ လူတို့သည်ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ ၂၉ အသရေရှိသောဥယျာဉ်ကိုလည်း သူတို့အဘို့ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရခေါင်းပါး၍၊ သူတို့သည် မွတ်သိပ်ခြင်းကိုမခံရကြ။ တပါးအမျိုးသားတို့၏ ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။ ၃၀ သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်ကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသော သူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း၊ သိရကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၃၁ ငါ၏ကျက်စားရာအရပ်၌ ရှိသောငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်သည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.