🎨
Theme Selector
Predefined Theme
၂ ဓမ္မရာဇဝင်
အခန်းကြီး ၁
ရှောလုမင်း သေကြောင်းကို အာမလက်လူက ဒါဝိဒ်အားပြော
၁ ရှောလု သေသောနောက် ဒါဝိဒ်သည် အာမလက် [A] လူတို့ကို လုပ်ကြံရာမှ ပြန်လာ၍၊ ဇိကလက်မြို့၌ နှစ်ရက်နေပြီးလျှင် ၂ သုံးရက် မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကို ဆုတ်လျက် မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ရှောလုတပ်က လာ၍ ဒါဝိဒ်ထံသို့ ရောက်သော် မြေပေါ်မှာ ပြပ်ဝပ်လျက် ရှိခိုး၏။ ၃ ဒါဝိဒ်ကလည်း အဘယ်အရပ်က လာသနည်းဟု မေးလျှင် ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်၊ ဟုလျှောက်လေ၏။ ၄ ဒါဝိဒ်ကလည်း အမှုကား အဘယ်သို့နည်း။ ငါ့အား ပြောပြပါလော့ဟု မေးလျှင် သူက ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ပြေး၍ အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော် ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။ ၅ ထိုသတင်းကို ကြားပြောသော လုလင်အား ဒါဝိဒ်က ရှောလုနှင့် သားတော် ယောနသန် သေကြောင်းကို သင်သည် အဘယ်သို့ သိသနည်းဟု မေးပြန်လျှင်၊ ၆ ထိုလုလင်က ကျွန်တော်သည် ဂိလဗော တောင်ပေါ်သို့ အလိုလို ရောက်သောအခါ ရှောလုသည် လှံတော်ကို ထောင်၍ နေပါ၏။ မြင်းလှည်းစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာ လိုက်ကြ၏။ ၇ ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့်၊ ကျွန်တော်ကိုမြင်၍ ခေါ်ပါ၏။ ၈ ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းမေးလျှင်၊ ကျွန်တော်သည် အာမလက်လူ ဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။ ၉ ရှောလုကလည်း ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက် မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကိုခံရ၏၊ ဟုဆိုသည်အတိုင်း၊ ၁၀ လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍ သတ်ပါ၏။ ခေါင်းတော်၌ ဆောင်းသော ဦးရစ်နှင့် လက်ရုံးတော်၌ ဝတ်သော လက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော် သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်၊ ဟုလျှောက်လေ၏။
ရှောလုကိုသတ်သော အာမလက်လူကို ဒါဝိဒ်ကသတ်
၁၁ ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကို ဆွဲဆုတ်၍၊ သူ့၏ လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။ ၁၂ ရှောလုမှစ၍ သားတော် ယောနသန်၊ ထာဝရဘုရား၏ လူများ၊ ဣသရေလ အမျိုးသားတို့သည် ဓားဖြင့် လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကို ရှောင်ကြ၏။ ၁၃ ထိုသတင်းကို ကြားပြောသော လုလင်အား၊ ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်က လာသနည်း ဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ၏၊ ဟုပြန်လျှောက်သော်၊ ၁၄ ဒါဝိဒ်က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ၊ သင့်လက်ကို အဘယ်သို့ ဆန့်ဝံ့သနည်း၊ ဟုဆိုလျက်၊ ၁၅ လုလင် တယောက်ကို ခေါ်၍ သူ့ကို သွားသတ်တော့၊ ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ်လေ၏။ ၁၆ ဒါဝိဒ်ကလည်း၊ သင်၏ အသွေးသည် သင့်ခေါင်းပေါ်မှာ တည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီ၊ ဟုသင့်နှုတ်သည် သင့်တဖက်၌ သက်သေခံလေပြီ၊ ဟုဆို၏။
ဒါဝိဒ်သည် ရှောလုနှင့် ယောနသန်အတွက် ငိုကြွေးသောသီချင်း
၁၇ ဒါဝိဒ်သည် ရှောလုနှင့် သားတော် ယောနသန်ကြောင့် ငိုကြွေးမြည်တမ်း၍၊ ၁၈ ယုဒ အမျိုးသားတို့အား၊ သင်စေသော လေးသီချင်းတည်းဟူသော၊ ယာရှာစာ၌ ပါသော သီချင်းစကားဟူမူကား၊ ၁၉ အိုဣသရေလ ဂုဏ်အသရေ၊ သင်၏ မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။ ၂၀ ထိုသတင်းကို ဂါသမြို့၌ မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်း [B]ကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်၊ ဟုစိုးရိမ်စရာရှိ၏။ ၂၁ အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုးမရွာစေနှင့်။ ပူဇော်စရာ အသီးကို သီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသော ရှောလုဆောင်သော ဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။ ၂၂ သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ဆီဥမှ ယောနသန်၏ လေးသည် နောက်သို့မလှန်။ ရှောလု၏ ဓားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။ ၂၃ ရှောလုနှင့် ယောနသန်သည် ချစ်တတ်သော သဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက် မကွာဘဲလျက် နေကြ၏။ သူတို့သည် လင်းယုန်ထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။ ၂၄ အိုဣသရေလ အမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကိုလှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော်မူ၏။ ၂၅ စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အိုယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီတကား။ ၂၆ ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသော မေတ္တာဖြစ်၏။ ၂၇ သူရဲတို့သည် လဲသေကြပြီတကား။ စစ်တိုက် လက်နက်တို့သည် ဆုံးကြပြီတကား၊ ဟုပါသတည်း။