🎨
Theme Selector
Predefined Theme
ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁
ယေဇကျေလက သတ္တဝါလေးပါးမြင်
၁ သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီး နန်းကျပဉ္စမနှစ်၊ စတုတ္ထလ ငါးရက်နေ့၌ ငါသည် သိမ်းသွားသောသူတို့တွင်၊ ခေဗာမြစ်နားမှာ ရှိနေစဉ်၊
(a) ၂ မိုးကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံတို့ကို မြင်ရ၏။
၃ ထိုအခါ ခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်၊ ယဇ်ပုရောဟိတ် ဗုဇိသား ယေဇကျေလ အမည်ရှိသော၊ ငါဆီသို့ရောက်၍ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
၄ ငါကြည့်ရှု၍ ပြင်းစွာသောလေ၊ ကြီးစွာသောမိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက၊ ဟရှမေလ ရွှေရောင်ထွက်လေ၏။
၅ ထိုမီးစက်ထဲမှာ သတ္တဝါလေးပါး
[A] တို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန် ဟူမူကား၊ လူ၏ ပုံသဏ္ဍာန်ကို ဆောင်၍
၆ မျက်နှာလေးခုစီ အတောင်လည်း လေးခုစီရှိကြ၏။
၇ ခြေထောက်သည် ဖြောင့်သော ခြေထောက်ဖြစ်၏။ ခြေဖဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍၊ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာ အတောင်အောက်၌ လူလက်ရှိ၏၊
၈ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း၊ ပြည့်စုံကြ၏။
၉ အတောင်ချင်း တခုနှင့်တခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါ တပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။
၁၀ မျက်နှာအဆင်းသဏ္ဍာန် ဟူမူကား သတ္တဝါလေးပါးတို့သည်
[A] လက်ျာဘက်၌ လူမျက်နှာ ခြင်္သေ့မျက်နှာနှင့်၎င်း လက်ဝဲဘက်၌ နွားမျက်နှာ လင်းယုန်မျက်နှာနှင့် ပြည်စုံကြ၏။
၁၁ အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်း စပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကို ဖုံးအုပ်လျက် ရှိကြ၏။
၁၂ ထိုသတ္တဝါတို့သည် ဝိညာဉ်တော် သွားခွင့်ရှိသည် အတိုင်းသွားကြ၏။ သွားသောအခါ တပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။
၁၃ ထိုသတ္တဝါတို့၏ အဆင်းရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့် တူ၏။ မီးသည် တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။
၁၄ သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍ ပြေးလျက် ပြန်လာလျက်ရှိကြ၏။
သတ္တဝါလေးပါးအဆက်
၁၅ ထိုသတ္တဝါတို့ကို ငါကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော မြင်းလှည်းဘီး တခုစီထင်ရှား၏။ ၁၆ ထိုမြင်းလှည်းဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဍာန်မူကား ဘီးတခုထဲ၌ ဘီးတခု တပ်သကဲ့သို့ဖြစ်၏။ ၁၇ သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲ သွားတတ်ကြ၏။ ၁၈ ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဘွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့် ပြည့်ကြ၏။ ၁၉ သတ္တဝါတို့သည် သွားသည့်အခါ ဘီးတို့သည်လည်း ထပ်ကြပ်ပါကြ၏။ ၂၀ သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း သူတို့သည်လည်း သွားကြ၏။ ဘီးတို့ သည်လည်း သူတို့နှင့် ထပ်ကြပ်မခွာ လိုက်ကြ၏။ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ ရှိ၏။ ၂၁ သူတို့သွားသောအခါ ဘီးတို့သည် သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည် ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက် ကြပ်တက်၍ လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ ဝိညာဉ်တော်သည် ဘီးတို့၌ ရှိ၏။ ၂၂ ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်၏ အဆင်းအရောင်သည် ရှိ၍ ကြောက်မက်ဘွယ်သော ကျောက်သလင်း မျက်နှာကြက်ကဲ့သို့ ဖြစ်၏။ ၂၃ မိုးမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တခုသို့တခု တည့်တည့်ပြန့်လျက် ရှိ၍ပြင်ဘက်၌လည်း ကိုယ်ကိုဖုံးစရာဖို့ အတောင်နှစ်ခုစီရှိ၏။ ၂၄ သူတို့သွားသောအခါ သမုဒ္ဒရာရေသံ ကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏ [B]အသံတော်ကဲ့သို့၎င်း၊ အတောင်တို့ မြည်သောသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏၊ ၂၅ ရပ်၍ အတောင်တို့ကို ချသောအခါ သူတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်ထဲက စကားသံသည် ထွက်၏။
ထာ၀ရဘုရား၏ ဘုန်းတော်သဏ္ဍာန်
၂၆ သူတို့၏ ခေါင်းများအထက် မိုးမျက်နှာကြက် အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင် သဏ္ဍာန်ပေါ်၏။ ပလ္လင်သဏ္ဍာန် အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။ [C] ၂၇ ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါးသဏ္ဍာန်မှသည် အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်နှင့် မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍၊ ပတ်လည်၌ ထွန်းတောက်လေ၏။ ၂၈ ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင် မိုးတိမ်ပေါ်၌ ပေါ်သောသက်တံ့၏ အရောင်ကဲ့သို့ဖြစ်၏။ ဤရွေ့ကား ထာဝရဘုရား၏ ဘုန်းတော်သဏ္ဍာန် အဆင်းအရောင် ဖြစ်သတည်း။
_________________________
Footnotes
၁ (a) ယေဇကျေလသည် ၅၉၂-၅၇၀ BC အတွင်းပရောဖက်ပြုသည်။