ရှောလမုန်သီချင်း
အခန်းကြီး ၁
၁ သီချင်းတကာတို့တွင်အထွဋ်ဖြစ်သောရှောလမုန်သီချင်း
၂ သခင်နှုတ်ဆက်သောနမ်းခြင်းဖြင့်ကျွန်မကိုနမ်းပါစေ။ ကိုယ်တော်၏မေတ္တာသည်စပျစ်ရည်ထက်သာ၍ကောင်းပါ၏။ ၃ ကိုယ်တော်၌ မွှေးကြိုင်သောနံ့သာဆီကဲ့သို့၊ နာမတော်သည်သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီး ကညာတို့သည်ကိုယ်တော်ကိုချစ်ကြပါ၏။ ၄ ကျွန်မကိုသွေးဆောင်တော်မူပါ။ ကျွန်မတို့သည်နောက်တော်သို့ပြေး၍လိုက်ကြပါမည်။ အရှင်မင်းကြီးသည်အိမ်တော်အတွင်းခန်းထဲသို့ကျွန်မကိုဆောင်ခဲ့တော်မူပြီ။ ကျွန်မတို့သည်ကိုယ်တော်ကြောင့်ဝမ်းမြောက် ရွှင်လန်းကြမည်။ မေတ္တာတော်ကိုစပျစ်ရည်ထက်သာ၍ချီးမွမ်းကြမည်။ သတို့သမီးကညာတို့သည်ကိုယ်တော်ကိုမှန်ကန်စွာချစ်ကြပါ၏။
၅ အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒထဲကဲ့သို့မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့တင့်တယ်သေး၏။ ၆ ငါသည်နေပူကိုခံ၍မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကိုမနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကိုစောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကိုမစောင့်ရပါ။
၇ ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည်သိုးများကိုအဘယ်မှာထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်အချိန်၌ အဘယ်မှာအိမ်ရိပ်ခိုစေတော်မူသည်ကို၎င်းပြတော်မူပါ။ ကျွန်မသည်အခြားတပါးသောသိုးထိန်းနောက်သို့အဘယ်ကြောင့်လမ်းလွှဲ၍လိုက်ရပါအံ့နည်း။
၈ မိန်းမတကာတို့ထက်အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကိုကျွေးမွေးပါလော့။
၉ ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသောမြင်းနှင့်ငါပုံပြမည်။ ၁၀ သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည်တင့်တယ်လှ၏။ ၁၁ ငွေနှင့်အပြောက်ချယ်သောရွှေပုတီးအသွယ်သွယ်ကိုလည်းလုပ်၍ပေးဦးမည်။
၁၂ အရှင်မင်းကြီးသည်စားပွဲတော်နားမှာထိုင်နေစဉ်၊ ငါထုံသောနာဒုဆီမွှေးအနံ့သည်တပျံ့ပျံ့တလှိုင်လှိုင်ဖြစ်လေ၏။ ၁၃ ငါချစ်ရာသခင်သည်ငါ၌ မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာတညလုံးအိပ်ရမည်။ ၁၄ ငါချစ်ရာသခင်သည်အင်္ဂေဒိဥယျာဉ်မှဖြစ်သောဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
၁၅ ငါချစ်သောနှမ၊ သင်သည်အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။
၁၆ ငါချစ်ရာသခင်သည်အဆင်းလှ၍၊ ချစ်ဘွယ်သောလက္ခဏာနှင့်ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်းသည်စိမ်းသောအဆင်းရှိ၏။ ၁၇ ငါတို့ဗိမာန်တိုင်တို့သည်အာရဇ်ပင်၊ အမိုးသည်ထင်းရှူးပင်ဖြင့်ပြီးသတည်း။