၂ ယောဟန် ဩဝါဒစာ
အခန်းကြီး ၁
နှုတ်ခွန်းဆက်စကား
၁ အသက်ကြီးသူသည် မြတ်သောသခင်မကို၎င်း၊ သားသမီးတို့ကိုကို၎င်း ကြားလိုက်ပါ၏။ ငါတို့၌ တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊ ၂ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သော ချစ်ခြင်းမေတ္တာရှိပါ၏။ ၃ ခမည်းတော် ဘုရားထံတော်က၎င်း၊ ခမည်းတော်၏ သားတော် ယေရှုခရစ်အထံက၎င်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။
သမ္မာတရား၌ ကျင့်လျှင်အလွန်ဝမ်းမြောက်
၄ ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ ကျင်လည် ၍နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ၅ ယခုတွင် ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ ရှေ့ဦးစွာကပင် ရှိသော ပညတ်တော်ကို ရေးထား၍၊ သခင်မ၊ အချင်းချင်း ချစ်ခြင်းမေတ္တာ ရှိကြကုန်အံ့၊ ဟုငါတောင်းပန်ပါ၏။ ၆ ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း ရှေ့ဦးစွာကပင် သင်တို့ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သောသဘောရှိ၏
ယေရှုခရစ်ကိုငြင်းပယ်သူသည်အန္တိခရစ်
၇ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ငြင်းပယ်လျက် လှည့်ဖြားသောသူ အများတို့သည်၊ လောကထဲသို့ ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။ ၈ ငါတို့သည် ကိုယ်ပြုစုသော အရာမပျောက်မပျက်၊ စုံလင်သော အကျိုးကိုရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု၍၊ စောင့်ရှောက်ကြလော့။ ၉ ခရစ်တော်၏ ဒေသနာ၌ မတည်ဘဲ၊ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည်၊ ခမည်းတော်နှင့် သားတော်ကိုသိ၏။ ၁၀ ထိုဒေသနာတော် မပါသောသူသည်၊ သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသော၊ ဟုနှုတ်မဆက်နှင့်။ ၁၁ မင်္ဂလာရှိစေသော၊ ဟုထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သော အကျင့်တို့နှင့် ဆက်ဆံရာသို့ရောက်၏။
နိဂုံးနှုတ်ဆက်စကား
၁၂ သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌ မှင်နှင့်ရေးခြင်းငှါအလိုမရှိ။ သင်တို့ဆီသို့ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်း စုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်၊ ဟုမြော်လင့်လျက်နေ၏။ ၁၃ သင်၏မြတ်သော ညီမ၏သားသမီးတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင်ပြီး၏။