🎨
Theme Selector
Predefined Theme
ယောလ အနာဂတ္တိ
အခန်းကြီး ၁
သားတို့အား ပြောကြလော့
၁ ပေသွေလ၏သား ယောလ
(a) သို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊
၂ အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူ ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သော အမှုသည် သင်တို့လက်ထက်၌ ဖြစ်ဘူးသလော။ ဘိုးဘေးတို့ လက်ထက်၌ ဖြစ်ဘူးသလော။
၃ ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွယ်သော အခြားသူတို့အား ပြောကြစေ။
[A] ၄ ဂါဇံကျိုင်း ခြွင်းထားသော အရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား၏။
သေသောက်ကျူးတို့ ငိုကြွေးကြလော့
၅ သေသောက်ကျူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသော စပျစ်ရည် ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလော့။ ၆ အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့၎င်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့၎င်း၊ ဖြစ်၏။ ၇ ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက်လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
လယ်နှင့်ဥယျာဉ်တို့ ပြတ်၍ငိုကြွေးကြလော့
၈ အသက်ငယ်စဉ် လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကို ဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေးမြည်တမ်းလော့။ ၉ ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား၏ အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့သည် ငိုကြွေး မြည်တမ်းကြ၏။ ၁၀ လယ်သည်ပြတ်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည်ကုန်ပြီ။ ဆီလည်း လျော့ပြီ။ ၁၁ လယ်လုပ်သောသူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံ ပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါးအတွက် ရှက်ကြောက်ခြင်းရှိလော့။ ဥယျာဉ်ကို ပြုစုသောသူတို့၊ မြည်တမ်းကြလော့။ ၁၂ စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်းပင်လည်း သွေ့ခြောက်၏။ သလဲပင်၊ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက်၏။
၁၃ အိုယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ဘုရားသခင့် အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေ အဝတ်ကို ဝတ်လျက်၊ တညလုံး အိပ်ကြလော့။ အကြောင်းမူ ကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို သင်တို့ ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲ နေကြပြီတကား။ ၁၄ အစာရှောင်သော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားများ အပေါင်းတို့ကို သင်တို့ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။ ၁၅ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင် [B] ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။ ၁၆ ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ်သည် မဟုတ်လော။ ငါတို့ ဘုရားသခင်၏ အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည် မဟုတ်လော။ ၁၇ မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ ၁၈ တိရစ္ဆာန်တို့သည် အလွန် မြည်းတမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ် မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။ ၁၉ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာ အရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင် ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ ၂၀ တောသားရဲ တို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ ကျက်စားရာ အရပ်တို့ကိုလည်း မီးလောင်ပါပြီ။
_________________________
Footnotes
၁ (a) ယောလသည် ၈၃၀ BC ခန့်တွင် ပရောဖက်ပြုသည်။