ဆာလံကျမ်း
အခန်းကြီး ၇၃
မိုက်သောသူတို့ကိုငါ ငြူစူမိပြီ
၁
အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်းသောသူ တည်းဟူသော ဣသရေလ အမျိုး၌ ကျေးဇူးကြီးတော်မူ၏။
၂
ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွှဲလုလျက် ရှိမိပြီ။
၃
အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။
၄
ထိုသူတို့သည် မသေမီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသော အစွမ်းသတ္တိ ရှိကြသည်။
၅
သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကို မခံရကြ။
၆
ထို့ကြောင့် မာနကိုလည် ဆွဲတန်ဆာကဲ့သို့ ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။
၇
ဆူဝသောကြောင့် မျက်နှာမော်လျက် ရှိကြ၏။ စိတ်နှလုံး ကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
၈
ဆိုးသော ညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ်ကြ၏။
၉
သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။
၁၀
ထို့ကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။
၁၁
ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လော၊ ဟုဆိုတတ်ကြ၏။
၁၂
ထိုမတရားသောသူတို့သည် အစဉ်ကောင်းစား၍ ဥစ္စာပွါးများကြ၏။
၁၃
အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
၁၄
နေ့တိုင်း နှောင့်ယှက်ခြင်းနှင့် နံနက်တိုင်း ဆုံးမခြင်းကို ငါခံရ၏။
သူတို့သည် ပျက်စီးရာသို့ဆုံးစေ
၁၅
ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါလိမ့်မည်။
၁၆
ထိုအမှုကို နားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
၁၇
နောက်မှဘုရားသခင်၏ သန့်ရှင်းရာဌာနထဲသို့ ဝင်၍၊ သူတို့၏အဆုံးကို နားလည်ရပါ၏။
၁၈
အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကို ချောသောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
၁၉
တခဏခြင်းတွင် အကျိုးနည်း ကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်း ပယ်ပျောက်လျက် ရှိကြပါပြီတကား။
၂၀
အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ်မက်ကိုမှတ်သကဲ့သို့ သူတို့ကိုနှိုးတော်မူသောအခါ၊ သူတို့အကြံအစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
၂၁
ထိုသို့အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက်ကပ် မွှေနှောက်လျက်ရှိ၍၊
၂၂
မိုက်သောသူ ပညာမဲ့သောသူ ဖြစ်ပါ၏။ ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
၂၃
သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏ လကျ်ာလက်ကို ဆွဲကိုင်တော်မူ၏။
၂၄
အကျွန်ုပ်ကို ဥာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
ကိုယ်တော်မှတပါး အကျွန်ုပ်၌ အဘယ်သူရှိသနည်း
၂၅
ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူ ရှိပါသနည်း။ ကိုယ်တော်ကို အလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာ အကျွန်ုပ်သည် အဘယ်အလို ရှိပါသနည်း။
၂၆
အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ် အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
၂၇
အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော်နှင့်ကွာ၍ မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော်မူ၏။
၂၈
အကျွန်ုပ်မူကား၊ ဘုရားသခင် ထံတော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိ သမျှတို့ကို ကြားပြောခြင်းအလို့ငှါ၊ အရှင် ထာဝရဘုရား၌ ခိုလှုံလျက် နေပါ၏။