ဆာလံကျမ်း
အခန်းကြီး ၁၁၆
၁
ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကို ကြား၍ ငါ့ဘက်သို့ နားတော်ကို လှည့်တော်မူသောကြောင့် ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်၊၊
၃
သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏာနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့် ဆင်းရဲ ဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏၊၊
၄
ထိုအခါ အိုထာဝရဘုရား အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏၊ ဟုထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏၊၊
၅
ထာဝရဘုရားသည် ကျေးဇူးပြု တတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏၊၊ ငါတို့ဘုရားသခင်သည် ကရုဏာစိတ် ရှိတော်မူ၏၊၊
၆
ထာဝရဘုရားသည် မလိမ္မာသောသူတို့ကို စောင့်မတော်မူ၏၊၊ ငါသည်နှိမ့်ချလျက် ရှိသောအခါ ကယ်တင်တော်မူ၏၊၊
၇
အိုငါ့ဝိညာဉ် သင်၏ ငြိမ်ဝပ်ရာသို့ ပြန်လော့၊၊ ထာဝရဘုရားသည် သင်၌ ကျေးဇူး ပြုတော်မူပြီ၊၊
၈
ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း၊ ကယ်လွှတ်တော်မူပြီ၊၊
၉
သို့ဖြစ်၍ အသက်ရှင်သောသူတို့၏ နေရာတွင် ထာဝရဘုရား ရှေ့တော်၌ ငါကျင့်၍နေရ၏၊၊
၁၀
ငါသည် အလွန်ညိုးငယ်ခြင်းကို ခံရ၏၊ ဟုမြွက်ဆိုသော်လည်း ယုံကြည်သော စိတ်ရှိသေး၏၊၊
၁၁
လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏၊ ဟုသတိလစ်လျက် ပြောမိ၏၊၊
၁၂
ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃
ကယ်တင်ခြင်း ခွက်ဖလားကိုကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်၊၊
၁၄
ထာဝရ ဘုရားအား သစ္စာ ကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅
ထာဝရဘုရား ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊ [A]
၁၆
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇
ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကိုရှေ့တော်၌ ပူဇော်၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်၊၊
၁၈
ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊