ဆာလံကျမ်း
အခန်းကြီး ၁၄၃
၁
အိုထာဝရဘုရား အကျွန်ုပ်၏ ပဌနာကိုကြား၍ ဆုတောင်းသော စကားကို နားထောင်တော်မူပါ၊၊ သစ္စာစောင့်ခြင်းဖြောင့်မတ်ခြင်း ရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ၊၊
၂
ကိုယ်တော်၏ကျွန်နှင့် တရား တွေ့တော်မမူပါနှင့်၊၊ အသက်ရှင်သော သူမည်သည်ကား ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ၊၊
၃
ရန်သူသည် အကျွန်ုပ်၏ ဝိညာဉ်ကို ညှဉ်းဆဲ၍ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း၍ ကြာမြင့်စွာ သေနေသောသူကဲ့သို့ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ၏၊၊
၄
အကျွန်ုပ်သည် စိတ်ပျက်လျက် ကိုယ်အထဲ၌ နှလုံးကြွေကွဲလျက် နေပါ၏။
၅
ရှေးလွန်လေပြီးသော ကာလကို အောက်မေ့၍ အလုံးစုံသော အမှုတော်တို့ကို၎င်း၊ လက်တော်နှင့် ပြုပြင်သော အရာတို့ကို၎င်း ဆင်ခြင်ပါ၏၊၊
၆
ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ၏၊၊ သွေ့ခြောက်သော မြေကဲ့သို့ အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါ၏၊၊
၇
အိုထာဝရဘုရား အလျှင်အမြန် နားထောင်တော်မူပါ၊၊ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ၊၊ မျက်နှာလွှဲတော်မူသဖြင့် တွင်းထဲသို့ ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်၊၊
၈
ကရုဏာတော် စကားသံကို အလျှင်အမြန် ကြားစေတော်မူပါ၊၊ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည့်လမ်းကို သိစေတော်မူပါ၊၊ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏၊၊
၉
အိုထာဝရဘုရား ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏၊၊
၁၀
အလိုတော်သို့ လိုက်စေမည့်အကြောင်း သွန်သင်တော်မူပါ၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏၊၊ ကောင်းမြတ်သော ဝိညာဉ်တော်သည် ဖြောင့်တမ်းသော လမ်း၌ အကျွန်ုပ်ကို သွေးဆောင်တော်မူပါစေသော်၊၊
၁၁
အိုထာဝရဘုရား နာမတော် အတွက်ကြောင့် အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ၊၊ ဖြောင့်မတ်တော်မူသည်နှင့်အညီ အကျွန်ုပ်၏ ဝိညာဉ်ကို ဆင်းရဲဒုက္ခထဲမှ ကယ်နှုတ်တော်မူပါ၊၊ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်၏ ရန်သူတို့ကို ပယ်ရှင်း၍ အကျွန်ုပ်ကို ညှဉ်းဆဲသောသူ အပေါင်းတို့ကို ဖျက်ဆီးတော်မူပါ၊၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊