၃ ယောဟန် ဩဝါဒစာ
အခန်းကြီး ၁
သမ္မာတရား၌ ကျင်လည်ခြင်းထက်ဝမ်းမြောက်ခြင်းမရှိ
၁ အသက်ကြီးသူသည် ချစ်အပ်သော ဂါယုကြားလိုက်ပါ၏။ ငါသည်သင်၌ မှန်ကန်သော ချစ်ခြင်းမေတ္တာ ရှိ၏။ ၂ အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည် အကြောင်း၊ ငါဆုတောင်း၏။ ၃ သင်သည် သမ္မာတရား၌ ကျင်လည်သည်အတိုင်း၊ သင်၌ ရှိသော သမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကိုတို့ သည်လာ၍ သက်သေခံကြသော အခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ၄ ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို၊ ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
ဧည့်သည်ဝတ်ပြုခြင်း
၅ အချင်းချစ်သူ၊ သင်သည် ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း၊ ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီ ပြုတတ်၏။ ၆ ထိုသူတို့သည် သင်၏ချစ်ခြင်း မေတ္တာအကြောင်းကို၊ အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။ ၇ အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကို ထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲ သွားကြ၏။ ၈ ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
အသင်းတော်၌ အကဲအမှုးလုပ်ချင်သူရှိ
၉ အသင်းတော်ထံသို့ မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူး လုပ်ချင်သော ဒယောတရပ် (Diotrephes) သည် ငါတို့အားအခွင့်မပေး။ ၁၀ ထိုကြောင့်၊ ငါလာသောအခါ၊ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည်။ ထိုသူသည် ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူ တို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲက နှင်ထုတ်တတ်၏။
ကောင်းသောနည်းကိုသာ လိုက်လော့
၁၁ အချင်းချစ်သူ၊ မကောင်းသော နည်းကိုမလိုက်နှင့်၊ ကောင်းသော နည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည်၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။ ၁၂ လူအပေါင်းတို့သည် ဒေမေတရိ (Demetrius)၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့သိကြ၏။
နိဂုံးချုပ်စကား
၁၃ ငါရေးစရာအကြောင်း အများရှိသော်လည်း၊ မှင်နှင့်မှင်တံဖြင့် ရေးခြင်းငှါ အလိုမရှိ။ ၁၄ မကြာမမြင့်မှီ သင့်ကိုငါတွေ့မြင်လျှင်၊ အချင်းချင်း နှုတ်ဆက်၍ စကားပြောမည်၊ ဟုမြော်လင့်လျက်နေ၏။ သင်၌ ငြိမ်သက်ခြင်းရှိပါစေသော်။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ ရှိသောအဆွေတို့၏ နာမည်ကို ထုတ်၍ နှုတ်ဆက်လော့။
ရှင်ယောဟန်ဩဝါဒစာ တတိယစောင်ပြီး၏။