ယာကုပ်ဩဝါဒစာ
အခန်းကြီး ၅
သူဌေးတို့ငိုကြွေးအော်ဟစ်ကြလော့
၁ အချင်း သူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲ ဒုက္ခဝေဒနာကြောင့်၊ ငိုကြွေးအော် ဟစ်ကြ။ ၂ သင်တို့ ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ၃ ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်ကာလအဘို့၊ ဘဏ္ဍာကို ဆည်းဖူးကြပြီတကား။ ၄ နားထောင်ကြ။ သင်တို့လယ်ကွင်း၌ ရိတ်သောသူတို့ကို လှည့်စား ၍၊ အခမပေးဘဲ နေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံ သည်လည်း၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။ ၅ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍၊ အလွန်ပျော် မွေ့ကြပြီ။ သတ်ရသောနေ့၌ ကဲ့သို့၊ မိမိတို့နှလုံးကို မွေးမြူကြပြီ။ ၆ ဖြောင့်မတ်သောသူကို အပြစ်စီရင်၍၊ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးတား။
၇ ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည် တိုင်အောင်၊ သည်းခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုး ကိုရသည်တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက်စောင့်နေ၍ မြော်လင့်တတ်၏။ ၈ သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသော အချိန်ရောက်လုနီးပြီ၊ ၉ ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်း ချင်းငြင်းခုံ ပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။ ၁၀ ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍ ဟောပြောသော ပရောဖက်တို့သည်၊ ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ ပုံသက်သေကို ပြကြပြီဟုမှတ်ကြလော့။ ၁၁ သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူ ဟူ၍၊ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ၊ အလွန်သနား စုံမက်တော်မူကြောင်း ကိုလည်းသိမြင်ကြရပြီ။
၁၂ ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသော အမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကို တိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေကြလော့။ ၁၃ သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကို ဆိုစေ။ ၁၄ နာသောသူရှိလျှင်၊ သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကိုအမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ ၁၅ ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကို ထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။ ၁၆ အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဖေါ်ပြတောင်းပန်ကြလော့၊ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်း ဆုတောင်း၍ အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုးပါ၏။ ၁၇ ဧလိယသည် ငါတို့ကဲ့သို့ လောကဒဏ်တရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း၊ မိုးမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့်ခြောက်လပတ်လုံး မြေပေါ်သို့ မိုးမရွာဘဲ နေ၏။ ၁၈ တဖန် ဆုတောင်းသောအခါ မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီး သည်လည်း မိမိအသီးကို သီးလေ၏။ ၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သော သူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊ [A] ၂၀ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသော အပြစ်တို့ကို ဖုန်းအုပ်တတ်သည်၊ ဟုထိုသူသည်သိမှတ်စေ။
ရှင်ယာကုပ်ဩဝါဒစာပြီး၏။