ဟေဗြဲဩဝါဒစာ
အခန်းကြီး ၅
ယေရှုသည် ယဇ်ပုရောဟိတ်မင်းအရာ၌ သူ့ကိုယ်သူမချီးမြှောက်
၁ လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာယဇ်ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ကို ပြုစေခြင်းငှါ၊ ခန့်ထားတော်မူသောသူ ဖြစ်၏။ ၂ သူသည် ကိုယ်တိုင် နွမ်းရိအားနည်းခြင်း ရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင်၏။ ၃ ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။ ၄ ဘုရားသခင်သည် အာရုန်ကို ခေါ်တော်မူသကဲ့သို့၊ ခေါ်တော်မူသောသူမှ တပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။ ၅ ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်း အရာ၌၊ မိမိကိုမိမိ ချီးမြှောက်သည်မဟုတ်။ သင်သည် ငါ့သားဖြစ်၏၊ ယနေ့ပင်သင့်ကို ငါဖြစ်ဖွားစေပြီ [A]။ ဟုမိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏။ ၆ ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်။ ဟုလာသတည်း။ [B]
ယေရှုသည် မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်
၇ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင် တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် [C] ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊ ၈ ဘုရားသခင်၏ သားတော် မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့်၊ နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။ ၉ ထိုသို့စုံလင်ခြင်းသို့ ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူ အပေါင်းတို့အား၊ ထာဝရကယ်တင်ခြင်း ကျေးဇူးကို၊ ပြုသောသူ ဖြစ်တော်မူ၍၊ ၁၀ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်း၊ ဟုဘုရားသခင် သမုတ်တော်မူခြင်းကို ခံရ၏။
ကာလကြသောကြောင့် ဆရာဖြစ်သင့်သော်လည်း နို့ကိုသာသုံးဆောင်
၁၁ ထိုမေလခိဇေဒက်၏ အကြောင်းကို၊ ငါတို့ပြောစရာစကား အများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။
၁၂ သင်တို့သည် ကာလကြာသောကြောင့်၊ ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၌
(a) ရှေ့ဦးစွာသင်ရသော တရားနုတို့ကို၊ သူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။
၁၃ နို့ကိုသာ သုံးဆောင်သောသူ မည်သည်ကား၊ သူငယ်ဖြစ်သောကြောင့်၊ ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။
၁၄ ကောင်းကျိုး မကောင်းကျိုးကို ပိုင်းခြား၍၊ သိနိုင်သောဥာဏ် ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသောသူ တည်းဟူသော၊ စုံလင်သော အရွယ်ရှိသောသူ တို့မူကား၊ ကြေခဲသောအစာ အာဟာရကို သုံးဆောင်ရကြ၏။
_________________________
Footnotes
၁၂ (a)
λόγος Logos "နှုတ်ကပတ်တော်" ကိုမြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်တော်" ဟုဘာသာပြန်ထားသည်။