၂ တိမောသေ ဩဝါဒစာ
အခန်းကြီး ၄
အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့
၁ ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော် ထင်ရှားသော ကာလ၊ အသက်ရှင်သောသူ၊ သေသော သူတို့ကို စစ်ကြော စီရင်တော်မူသော သခင် ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင့်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊ ၂ နှုတ်ကပတ် တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကို ပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကို ပေး၍ တိုက်တွန်း သွေးဆောင်လော့။
ယားတတ်သောနားဖြင့် များပြားသော ဆရာနောက်လိုက်မည်
၃ အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သော ဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း
[A] များပြားသော ဆရာတို့ နောက်သို့ လိုက်ကြလိမ့်မည်။
၄ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
[B] ၅ သင်မူကား၊ အရာရာ၌ သမ္မာသတိ ရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသော အမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသော ဝတ်များကို အကုန်အစင်ပြုလော့။
၆ အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသော အချိန် ရောက်လေပြီ။
၇ ကောင်းစွာသော တိုက်ခိုက်ခြင်း
(a) ကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။
၈ ယခုမှစ၍ ဖြောင့်မတ်ခြင်း သရဖူ
(b) သည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သော သူတည်းဟူသော သခင်ဘုရားသည်၊ ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။
ပေါလုက တိမောသေကို သူ့ထံသို့ မြန်မြန်လာစေချင်
၉ ငါ့ထံသို့ မြန်မြန်လာခြင်းငှာ ကြိုးစားလော့။ ၁၀ အကြောင်းမူကား၊ ဒေမ (Demas) သည်၊ ယခုဘဝကို နှစ်သက်သောစိတ်ရှိသည်နှင့် ငါ့ကို စွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့ သွားပြီ။ ကရက္ကေ (Crescens) သည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည် (Dalmatia) သို့၎င်း သွားပြီ။ ၁၁ လုကာ တစ်ယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ သူသည် ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏။ ၁၂ တုခိတ် (Tychicus) ကိုလည်း ဧဖက်မြို့သို့ စေလွှတ်ပြီ။ ၁၃ တရောမြို့ (Troas) တွင် ကာပု (Carpus) လက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့် သားရေစာကို၎င်း၊ သင်သည် လာသောအခါ ယူခဲ့လော့။ ၁၄ ပန်းတိမ်သမား အာလေဇန္ဒြု (Alexander) သည် ငါ၌ မကောင်းသော အမှုများကို ပြုလေပြီ။ ထိုသူ ကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကို၊ သခင်ဘုရား ဆပ်ပေးတော်မူပါစေသော်။ ၁၅ သူ့ကို သတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းလေပြီ။
ပေါလုကို အားလုံးက စွန့်ပစ်ကြ
၁၆ ပဌမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကိုစွန့်ပစ်ကြ၏။ ၁၇ သူတို့၌ အပြစ်တင်တော် မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော်ကို အကုန်အစင် ဟောပြော၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကြားသိစေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်း ချမ်းသာကို ငါရ၏။ ၁၈ ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှတို့မှ ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင် နိုင်ငံတော်သို့ တိုင်အောင် မ,စ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
နိဂုံးချုပ်အမှာစကား
၁၉ ပြစ်ကိလနှင့်အာကုလ (Priscilla & Aquila) မှစ၍ ဩနေသိဖော် (Onesiphorus) ၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။ ၂၀ ဧရတ္တု (Erastus) သည် ကောရိန္သုမြို့၌ နေ၏။ တရောဖိမ် (Trophimus) သည် နာ၍ မိလက်မြို့ (Miletus) ၌ ငါထားခဲ့၏။ ၂၁ ဆောင်းကာလ မရောက်မှီ ကြိုးစား၍ လာခဲ့လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိ (Eubulus Pudens, Linus, Claudia) မှစ၍ ညီအစ်ကို အပေါင်းတို့သည်၊ သင့်ကိုနှုတ်ဆက်ကြ၏။ ၂၂ သခင်ယေရှုခရစ်သည်၊ သင်၏စိတ်ဝိညာဉ်နှင့် အတူ ရှိတော်မူပါစေသော်။ သင်၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
_________________________
Footnotes
၇ (a) မူရင်းဂရိတ်၌ ἠγώνισμαι အင်္ဂလိပ်အသံထွက် ēgōnismai သည် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း မြန်မာကျမ်းစာအုပ်၌ "တိုက်လှန်ခြင်း" ဟုရေးထားသည်။ "တိုက်လှန်ခြင်း"သည် ခံစစ်ဖြစ်၍ "တိုက်ခိုက်ခြင်း"သည် ထိုးစစ် ဖြစ်သည်။
၈ (b) မူရင်းဂရိတ်၌ δικαιοσύνης στέφανος အင်္ဂလိပ်အသံထွက် crown of righteousness ကို မြန်မာကျမ်းစာအုပ်၌ "ဓမ္မသရဖူ" ဟုရေးထားသည်။
တိမောသေဩဝါဒစာ ဒုတိယစောင်ပြီး၏။