-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၈


သက်သေမခံသောကြောင့် အသင်းတော်ညှဉ်းဆဲခံရ

ထိုအခါ ယေရုရှလင်မြို့၌ ရှိသောအသင်းတော်သည်၊ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရသဖြင့်၊ တမန်တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြား ကွဲပြားကြ၏။(a) တရားကို ရိုသေသောသူတို့သည်၊ သတေဖန်ကို သင်္ဂြိုလ်၍၊ ပြင်းစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။ ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍၊ ထောင်ထဲ၌ လှောင်ထားတတ်၏။ ထိုကြောင့် အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် လှည့်လည်၍၊ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။


ဖိလိပ္ပုရှမာရိမြို့သို့တရားဟော

ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ [A] လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသောသူ အများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏။(b)


နတ်ဝိဇ္ဇာအတတ် အသုံးပြုသောရှိမုန်

ရှိမုန်အမည်ရှိသောသူ တယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာအတတ်နှင့် ပြုပြင်၍၊ ငါသည် ထူးဆန်းသောသူ ဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမော တွေဝေစေခြင်းငှါ ပြု၏။ ၁၀ လူကြီး လူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်၊ ဟုဆိုလျက်၊ ထိုသူ၌ ဆည်းကပ်ကြ၏။ ၁၁ ဆည်းကပ်သည် အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေခြင်းငှါ၊ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့်၊ ကြာမြင့်စွာ ပြုလျက်နေ၏။ ၁၂ ဖိလိပ္ပုသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း၊ စပ်ဆိုင်သော ဧဝံဂေလိတရားကို ဟောပြော၍၊ ထိုသူတို့သည် ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။ ၁၃ ရှိမုန်သည်လည်း ကိုယ်တိုင် ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကိုခံပြီးမှ ဖိလိပ္ပုထံမှီ ဝဲဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍၊ မိန်းမောတွေဝေလျက် ရှိလေ၏။


ပေတရုနှင့် ယောဟန်ရှမာရိမြို့သို့သွား

၁၄ ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီ၊ ဟုယေရုရှလင်မြို့၌ ရှိသောတမန်တော်တို့သည် သိတင်းကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။ ၁၅ ထိုမြို့သူမြို့သားတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံရုံမျှသာရှိသဖြင့်၊ ၁၆ တစုံတယောက်သောသူ အပေါ်၌ ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကို ခံရမည်အကြောင်း၊ ထိုမြို့သူမြို့သားတို့အဘို့ ဆုတောင်း၍၊ ၁၇ ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရကြ၏။(c)


သန့်ရှင်းသော ဝိညာဉ်ကို ငွေဖြင့်ဝယ်ချင်သူရှိမုန်

၁၈ တမန်တော်တို့လက်ကို တင်သောအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊ ၁၉ အ​ကျွန်ုပ်၏ လက်တင်ခြင်းကို ခံရသောသူသည်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံစေမည်အကြောင်း၊ အ​ကျွန်ုပ်အား အခွင့်ပေးပါ၊ ဟုတောင်းသော်၊ ၂၀ ပေတရုက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို၊ ငွေနှင့်ဝယ်ယူမည်၊ ဟုအကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။ ၂၁ သင်သည် ဤအမှုအရာနှင့် မဆက်ဆံသောသူ ဖြစ်၏။ အကြောင်းမူကား၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ​ဖြောင့်မတ်ခြင်းမရှိ။ ၂၂ ထိုကြောင့် သင်၌ယခုဆိုးညစ်သော အမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။ ၂၃ သင်သည် ခါးစွာသော သည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့် မလွတ်ကြောင်းကို ငါသိမြင်သည်၊ ဟုဆို၏။ ၂၄ ရှိမုန်ကလည်း၊ မိန့်တော်မူသော အရာတစုံတခုမျှ၊ အ​ကျွန်ုပ်အပေါ်သို့ မရောက်ပါမည် အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဘို့အလိုငှါ ဆုတောင်းတော်မူကြပါ၊ ဟုပြန်ပြော၏။ ၂၅ တမန်တော်တို့သည် သက်သေခံ၍၊ သခင်ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။


ဖိလိပ္ပု၊ အဲသယောပိ အမတ်ထံကျမ်းစာရှင်းပြ

၂၆ တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့၊ ဟုဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ၂၇ ထိုအခါ အဲသယောပိပြည်ကို အစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိပြည်သား တယောက်သည်၊ ကိုးကွယ်ခြင်းအလိုငှါ ယေရုရှလင်မြို့သို့သွား၍၊ ၂၈ ပြန်စဉ်တွင် မိမိရထားပေါ်၌ ထိုင်လျက်၊ ပရောဖက် ဟေရှာယ၏ ကျမ်းစာကိုဖတ်လေ၏။ ၂၉ ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ချဉ်းကပ်၍ မှီဝဲလော့၊ ဟုဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊ ၃၀ ဖိလိပ္ပုသည် ရထားသို့ပြေး၍၊ ပရောဖက် ဟေရှာယ၏ကျမ်းစာ၌ ဖတ်သည်ကို ကြားလျှင်၊ ဖတ်သောအရာကို နားလည်ပါ၏လော၊ ဟုမေးမြန်း၏။ ၃၁ ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း၊ ဟုဆိုပြီးမှမိမိနှင့်အတူ ဖိလိပ္ပုတက်၍ ထိုင်နေပါမည်အကြောင်း တောင်းပန်၏။


အဲသယောပိအမတ်ယုံကြည်၍ဗတ္တိဇံခံ

၃၂ ကျမ်းစာ၌ ဖတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ ၃၃ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသဖြင့်စီရင် ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း၊ ဟုကျမ်းစာလာသတည်း။ [B] ၃၄ ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုယ်တည်း ဆိုလိုသလော၊ ဟုတောင်းပန်လျက်။ ၃၅ ဖိလိပ္ပုအားမေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။ ၃၆ ထိုသို့လမ်း၌ သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင် ရေရှိပါ၏။ အ​ကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့်အကြောင်း ဆီးတားပါသနည်း၊ ဟုပြောဆိုလျှင်၊ ၃၇ ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည်ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို အ​ကျွန်ုပ် ယုံကြည်ပါသည်၊ ဟုဝန်ခံ၍၊ ၃၈ ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။ ၃၉ ရေထဲက တက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကို ဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန် မတွေ့မမြင်ရ၊ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။ ၄၀ ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ် အတိုင်းလျှောက်သွား၍၊ ဧဝံဂေလိတရားကို ဟောလေ၏။

_________________________
Footnotes


(a) သခင်ယေရှုက တမန်တော်များထံ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ ဟု(တမန် ၁း၈) ဆိုသော်လည်း၊ တမန်တော်များနှင့် ယုံကြည်သူများသည် သခင့်စကားကို နားမထောင်ဘဲ ယေရုရှလင်မြို့ ၌ အသင်းတော်ကြီးကြီး တည်ထောင်ကြသည်။ ထို့ကြောင့် ယေရုရှလင်မြို့၌ ရှိသောအသင်းတော်သည်၊ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရသဖြင့်၊ တမန်တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြား ကွဲပြားကြ၏(တမန် ၈း၁)။ ၁း၈ နားမထောင်လျှင် ၈း၁ လာလိမ့်မည်။ ၁း၈ ကိုလိုချင်သလော ၈း၁ ကိုလိုချင်သလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုးဖြစ်သည်။ ထိုတန်ခိုးဖြင့် ခရစ်တော်၏အကြောင်းကို လူတိုင်းထံသို့ပြောရမှာဖြစ်သည်။ ယနေ့ခရစ်ယာန်များလည်း ဘုရားပေးထားသော တန်ခိုးကိုအသုံးမပြု သက်သေမခံ လောကသားများကဲ့သို့ မိမိတို့လိုချင်သောအရာများကိုသာ လုပ်နေကြသည်မဟုတ်လော။ ဘုရားခိုင်းသော အလုပ်ကိုမလုပ်ကြသောကြောင့် ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရကြ သော်လည်း ဝိညာဉ်မျက်စိကန်းသောကြောင့် မမြင်ကြ မသိကြချေ။

(b) ဖိလိပ္ပုသည် တမန်တော်မဟုတ်ပါ။ အစားအစာ ဝေငှသောသူဖြစ်သည် (တမန် ၆း၅)။ သူလည်း ယေရုရှလင်အသင်းတော်၌ ကြီးစွာသောညှဉ်းဆဲခြင်း ရောက်သောအခါ၊ ရှမာရိမြို့သို့ရောက်သွား၍၊ ခရစ်တော်၏ အကြောင်းကို ဟောသည်။ လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အော် ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသောသူ အများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏၊ ဟုရေးထားသည်။ ဖိလိပ္ပုသည် အကြီးအကျယ်မဟုတ်ပါ။ ခရစ်တော် ၏အကြောင်းကို ရိုးရိုးလေးဟောသော်လည်း နတ်ဆိုးများကမခံနိုင်ပါ။ မြို့သူမြို့သားများလည်း အလွန်ဝမ်းမြောက်ကြသည်။ သင်လည်းဖိလိပ္ပုကဲ့သို့ ခရစ်တော်၏အကြောင်းကို ဟောပြောလျှင် လူများစွာကယ်တင်ခြင်းသို့ရောက်နိုင်သည်၊ ကျန်းမာနိုင်သည်၊ ဝမ်းမြောက်နိုင်သည်။

၁၇ (c) ရှမာရိမြို့သားများ ပြောင်းလဲပြီးမှ တမန်တော်ပေတရုနှင့် ယောဟန်တို့ကိုစေလွှတ်ကြသည်။ အဘယ် ကြောင့် ဘုရားသခင်က ရှမာရိမြို့ယုံကြည်သူများကို ပေတရုကလက်တင် ဆုတောင်းပေးမှသာ သန့်ရှင်းသောဝိညာဉ်တော်ပေး သနည်းဟူမူကား၊ ခရစ်တော်ကပေတရုကို ကောင်းကင်သော့ပေးသောကြောင့်ဖြစ်သည် (မဿဲ ၁၆း၂၀)။ ခရစ်တော်က လူမျိုးကို သုံးမျိုးခွဲထားသည်။ ယုဒလူ၊ ရှမာရိလူနှင့် တပါးအမျိုးသားများဖြစ်သည် (တမန် ၁း၈)။ ထိုလူမျိုးတိုင်းအတွက် ပေတရုက သာ ကောင်းကင်တံခါးသော့ဖွင့်ခွင့်ရသည်။ အကြောင်းမှာ ပေတရုက ခရစ်တော်သည်ဘုရားသခင်၏သား ခရစ်တော်ဖြစ်သည် ဟုဆိုနိုင်သည် (မဿဲ ၁၆း၁၆)။ ကြီးမားသောအဆောက်အဦးများကို လူကြီးကသာဖွင့်လှစ်ခွင့်ရတတ်သကဲ့သို့ ထိုလူမျိုးများအ တွက် ခရစ်တော်က ပေတရုကိုသာဖွင့်ခွင့်ပေးသည်။ ထို့ကြောင့် ယုဒလူများအတွက် ပင်တေကုတ္တေနေ့၌၎င်း၊(တမန် ၂)ရှမာရိလူများအတွက် ရှမာရိမြို့၌၎င်း၊(တမန် ၈) တပါးအမျိုးသားများအတွက် ကောနေလိအိမ်၌ ခရစ်တော်က ကောင်းကင်တံခါးသော့ ဖွင့်ခိုင်းခြင်းဖြစ်သည် (တမန် ၁၀)။ ထိုသို့နားမလည် သောသူများက၊ လက်တင်ပေးသောသူရှိမှသာ သန့်ရှင်းသောဝိညာဉ်တော် ပေးသည်ဟုသွန်သင်နေကြသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.