တမန်တော်၀တ္ထု
အခန်းကြီး ၂၅
ပေါလုကိုကဲသရိမြို့ဖေတ္တုမင်းရှေ့၌ တရားစွဲကြ
၁ ဖေတ္တုမင်း (Festus)သည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။၂ ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူအကြီးအကဲတို့သည်၊ ၃ ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍နေမည် ၊ ဟုအ ကြံရှိသည်နှင့် ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည် အကြောင်း၊ အသနားတော်ခံကြ၏။ ၄ ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါကိုယ်တိုင်သွားမည်။ ၅ သင်တို့တွင် တတ်နိုင်သောသူတို့သည် ငါနှင့်အတူလိုက်၍၊ ထိုသူ၌ အပြစ်ရှိလျှင် အပြစ်တင်ကြစေ၊ ဟုပြောဆို၏။ ၆ ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့သွား၍၊ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေ၊ ဟုအမိန့်ရှိ၏။ ၇ ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသော အပြစ်များတို့ကို၊ ပေါလုအပေါ်၌ တင်ကြ၏။ ၈ ပေါလုကလည်း၊ အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကို မပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍၊ အပြစ်ဖြေရာစကားကို ပြောလေ၏။ ၉ သို့သော်လည်း ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့ သွား၍၊ ငါ့ရှေ့မှာ ဤအမှုစီရင်ခြင်းကို ခံမည်လော ၊ ဟုယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။ ၁၀ ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်လိုပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူသည် အတိုင်း၊ အကျွန်ုပ်သည် ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။ ၁၁ အကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကို အကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သော အပြစ်တစုံတခုမျှ မမှန်လျှင်၊ သူတို့လက်သို့အကျွန်ုပ်ကို အဘယ်သူမျှ မစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်၊ ဟုလျှောက်ဆို၏။ ၁၂ ထိုအခါဖေတ္တုမင်းသည်၊ တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
ပေါလုအမှုကိုဖေတ္တုမင်းကအဂြိပ္ပမင်းကြီးထံပြော
၁၃ ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီး(Agrippa)သည် မိမိခင်ပွန်းဗေရနိတ် (Bernice)နှင့် တကွ၊ ဖေတ္တုမင်းကို နှုတ်ဆက်ခြင်းငှါ၊ ကဲသိရိမြို့သို့ ရောက်လာ၏။ ၁၄ အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည်၊ ပေါလု၏ အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။ ၁၅ ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက်စီရင်ပါ၊ ဟုတောင်းပန်ကြလျှင်၊ ၁၆ ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကိုခံသောသူသည်၊ အပြစ်တင်သောသူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌ တင်သောအပြစ်ကို ဖြေရသောအခွင့်မရှိမှီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရ ၊ ဟုရောမထုံးစံရှိကြောင်းကို ပြောဆို၏။ ၁၇ ထိုသူတို့သည် ဤမြို့သို့ရောက်လာသော အခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာ ထိုင်၍ထိုသူကို ခေါ်စေ၏။ ၁၈ သူ့ကိုအမှုလုပ်သောသူတို့သည် လာကြလျှင်၊ အကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်၎င်း၊ ယေရှုအမည်ရှိသော၊ ၁၉ သေပြီးသော သူတယောက်နှင့်၎င်း ယှဉ်သောပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်၊ ဟုပေါလုဆိုတတ်၏။ ၂၀ ထိုပုစ္ဆာအမေးကို အကျွန်ုပ်သည် မကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည် ယေရုရှလင်မြို့သို့ သွား၍ဤအမှုစီရင်ခြင်းကို ခံမည်လော၊ ဟုမေးလျှင်၊ ၂၁ ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍၊ မိမိကို ချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကို ကဲသာဘုရင်ထံတော်သို့ မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ၊ အကျွန်ုပ်စီရင်သည်၊ ဟုဖေတ္တုမင်းသည်ပြောဆို၏။ ၂၂ အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကိုအကျွန်ုပ်သည် ကိုယ်တိုင် နားထောင်ချင်ဘွယ်ဖြစ်သည် ဟုဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့၊ ဟုဆို၏။
ပေါလုကိုဖေတ္တုမင်းကအဂြိပ္ပမင်းကြီးရှေ့၌ ထုတ်
၂၃ နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည်၊ များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ ထင်ရှားသောသူများတို့နှင့်တကွ၊ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည် ပေါလုကိုဆောင်ခဲ့စေ၏။ ၂၄ ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူအပေါင်းတို့၊ ဤသူကို ကြည့်ကြပါလော့။ ယေရုရှလင်မြို့၌ ၎င်း၊ ဤမြို့၌ ၎င်း၊ ယုဒလူများ အပေါင်းတို့သည် ဤသူ၏အကြောင်းကို အကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှ အသက်မရှင်ထိုက်ပါ၊ ဟုဟစ်ကြ၏။၂၅ သူသည် သေထိုက်သော အပြစ်မပြုကြောင်းကို အကျွန်ုပ်သိမြင်၍၎င်း၊ သူသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံတော်သို့ စေလွှတ်ခြင်းငှါ အကျွန်ုပ်စီရင်၏။ ၂၆ သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသော အကြောင်းတစုံတခုမျှ ကျွန်ုပ်၌ မရှိ။ ထိုကြောင့်သင်တို့သည် သူ့ကိုစစ်ကြောပြီးမှ၊ အကျွန်ုပ်ရေး၍ ပေးလိုက်စရာအကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌ ၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌ ၎င်း၊ သူ့ကို အကျွန်ုပ်ထုတ်၍ ပြ၏။ ၂၇ အကြောင်းမူကား အကျဉ်းခံသောသူကို၊ အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့် ဖြစ်မည်ထင်ပါသည်၊ ဟုဆို၏။