တမန်တော်၀တ္ထု
အခန်းကြီး ၂၂
ပေါလုကမည်ကဲ့သို့သခင်ဘုရားပြောင်းလဲစေကြောင်းပြော
၁ ညီအစ်ကို အဘတို့၊ ကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို၊ သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါ၊ ဟုဆိုလေသော်၊ ၂ ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည်ကြားလျှင်၊ သာ၍ အလွန်တိတ်ဆိတ်စွာ နေကြ၏။ ၃ ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည်တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း၊ ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌ ကျွေးမွေးခြင်းကို ခံ၍၊ မိစဉ်ဘဆက်ကျင့်သော တရားကိုသေချာစွာ သိနားလည်ခြင်းငှါ၊ နည်းဥပဒေသကို ခံပါပြီ။ သင်တို့ရှိသမျှသည် ယနေ့တိုင်အောင်၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊ [A]၄ ယောက်ျားမိန်းမတို့ကို ချည်နှောင်၍၊ ထောင်ထဲမှာ လှောင်ထားလျက်၊ အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကို ညှဉ်းဆဲပါပြီ။ ၅ ထိုကဲ့သို့ပင် ယဇ်ပုရောဟိတ်မင်းမှ စ၍၊ လူအကြီးအကဲ အပေါင်းတို့သည်၊ အကျွန်ုပ်ဘက်၌ သက်သေဖြစ်ကြပါ၏။ သူတို့ ထံမှလည်း၊ အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသို့ မှာစာကိုခံပြီးမှ၊ ဒမာသက်မြို့၌ ရှိသော ထိုဘာသာဝင်သူတို့ကို၊ ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့မည် ၊ ဟုဒမာသက်မြို့သို့ အကျွန်ုပ်သွားပါ၏။ ၆ လမ်း၌ သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည်၊ အကျွန်ုပ်ပတ်လည်၌ ရုတ်ကနဲ ထွန်းတောက်ပါ၏။ ၇ အကျွန်ုပ်သည် မြေပေါ်မှာလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်း၊ [B] ဟုအကျွန်ုပ်အား ပြောသောစကား သံကိုကြားလျှင်၊ ၈ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း၊ ဟုအကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကားသင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။ [C] ၉ အကျွန်ုပ်နှင့် ပါသောသူတို့သည် ထိုအလင်းကိုမြင်၍၊ ကြောက်ရွံ့ခြင်းသို့ ရောက်သော် လည်း၊ အကျွန်ုပ်အား ပြောသောသူ၏ စကားသံကို မကြားမသိရကြ။ ၁၀ ထိုအခါအကျွန်ုပ်ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း၊ ဟုလျှောက်လျှင်၊ သခင်ဘုရားက၊ ထလော့။ ဒမာသက်မြို့သို့ သွားလော့။ သင်ဆောင် ရွက်စရာဘို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၁ ထိုအလင်း၏ ရောင်ခြည်အရှိန်အားဖြင့်၊ အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်၊ အကျွန်ုပ်နှင့်ပါသောသူ တို့၏လက်ဆွဲခြင်းကို ခံရ၍၊ ဒမာသက်မြို့သို့ ရောက်ပါ၏။ ၁၂ ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌ မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှာ နေသောယုဒလူအပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊ ၁၃ အကျွန်ုပ်ဆီသို့လာ၍ အနား၌ ရပ်လျက်၊ ညီရှောလု၊ တဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို၏။ ထိုခဏ၌ အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍ မြင်ရ၏။ ၁၄ သူကလည်း၊ သင်သည် မြင်လေသမျှ၊ ကြားလေသမျှတို့ကို လူအပေါင်းတို့အား ပြော၍၊ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊ ၁၅ သင်သည် ဘုရားသခင်၏ အလိုတော်ကို သိစေခြင်းငှါ၎င်း၊ ဖြောင့်မတ်တော်မူသောသူ ကိုမြင်၍၊ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါ၎င်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကိုခန့်ထားတော်မူ၏။ ၁၆ ယခုလည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့၊ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏ အပြစ်များကို ဆေးကြောလော့ ဟုဆိုပါ၏။
ပေါလုသက်သေခံခြင်းကို ယေရုရှလင်မြို့သားများလက်ခံမည်မဟုတ်
၁၇ ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းစဉ် ဘဝင်ကျ၍၊ ၁၈ သခင်ဘုရားက၊ သင်သည် ကြိုးစား၍ ယေရုရှလင်မြို့မှ အလျှင်အမြန်ထွက်သွားလော့။ ငါ၏အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကားကို၊ ဤလူတို့သည် မခံဘဲနေကြလိမ့်မည်၊ ဟုမိန့်တော်မူလျက် ရှိသည်ကို အကျွန်ုပ်မြင်လေ၏။ ၁၉ အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို အကျွန်ုပ်သည် ထောင်ထဲ၌ လှောင်ထား၍၊ တရားစရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။ ၂၀ ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏အသွေးကို သွန်းသောအခါ၊ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်းအမှုကို ဝန်ခံ၍၊ ကွပ်မျက်သောသူတို့၏ အဝတ်ကိုစောင့် နေပါ၏ ၊ ဟု၂၁ လျှောက်ဆိုလျှင်၊ ဘုရားသခင်က၊ သွားလော့။ ငါသည် တပါးအမျိုးသားတို့ရှိရာသို့ သင့်ကို ဝေးလှစွာစေလွှတ်မည် ၊ ဟုအကျွန်ုပ်အား မိန့်တော်မူသည်၊ ဟုပေါလုမြွက်ဆို၏။
ပေါလုကိုရိုက်မည်ကြံ၊ သူသည်ရောမလူဖြစ်
၂၂ ထိုမျှတိုင်အောင် ပေါလု၏စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည် အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့် ဟုဆိုကြ၏။ ၂၃ ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုးကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြစဉ်တွင်၊ ၂၄ ပေါလုကို အဘယ်ကြောင့် ထိုသို့အော်ဟစ်ကြသည်ကို စစ်သူကြီးသည်သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ၊ ရိုက်၍ စစ်ကြောစေ၊ ဟုစီရင်လေ၏။ ၂၅ သားရေကြိုးနှင့် ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလော၊ ဟုအနား၌ ရပ်နေသော တပ်မှူးအားဆို၏။ ၂၆ တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့ သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်၊ ဟုကြားလျောက်၏။ ၂၇ စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည် ရောမလူမှန်သလော ငါ့အား ပြောလော့၊ ဟုဆိုလျှင်၊ မှန်ပါသည်၊ ဟုပေါလုပြောဆို၏။ ၂၈ စစ်သူကြီးကလည်း၊ အကျွန်ုပ်သည် ငွေအများကိုပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်၊ ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟုဆို၏။ ၂၉ ထိုအခါ စစ်ကြောမည် ပြုသောသူတို့သည် ပေါလုထံမှ ချက်ချင်းသွား၍၊ သူသည် ရောမလူဖြစ်သည်ကို၎င်း၊ ရောမလူကို ချည်နှောင်မိသည်ကို၎င်း၊ စစ်သူကြီးသိလျှင် ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။ ၃၀ နက်ဖြန်နေ့တွင် အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို၊ စစ်သူကြီးသည် အမှန်သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သော သံကြိုးကိုချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့ကို စည်းဝေးစေခြင်းငှါ စီရင်ပြီးလျှင်၊ ပေါလုကိုခေါ်၍ သူတို့ရှေ့၌ ထားလေ၏။