-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂၀


ပေါလုနှင့်အဖွဲ့ မာကေဒေါနိပြည်နှင့် ဟေလသပြည်မှ ရှုရိပြည်သို့

ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ၊ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ၊ မာကေဒေါနိပြည်သို့ သွားလေ၏။ ထိုအရပ်များသို့ လျှောက်သွား၍၊ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ၊ ဟေလသပြည်သို့ ရောက်လာ၏။ သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍၊ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံကို ကြံသောကြောင့်၊ မာကေဒေါနိပြည် လမ်းဖြင့်ပြန်မည်၊ ဟုအကြံရှိပြန်၏။ ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူဟူမူကား၊ ဗေရိမြို့သား ဖြစ်သောပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား တုခိတ်နှင့် တရောဖိမ်တည်း။ ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။ အဇုမပွဲ နေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍၊ ငါးရက်အတွင်းတွ င်သူတို့ရှိရာ တရောမြို့သို့ ရောက်၍၊ ခုနစ်ရက်နေကြ၏။


တရောမြို့၌ သန်းခေါင်အထိဟော၍ဥတုခုအိမ်ပေါ်မှကျ

ခုနစ်ရက်တွင် ပဌမနေ့ရက်၌ [A] မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။ စည်းဝေးရာ အထက်ခန်း၌ မီးခွက်များရှိ၏။ ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက်နားမှာ ထိုင်၍၊ အိပ်ပျော် ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍၊ သေသည်ကို သူတို့သည် ချီကြွကြ၏။ ၁၀ ပေါလုသည်လည်း အောက်သို့ဆင်း၍၊ သူ၏အပေါ်သို့ ကိုယ်ကို လှဲလျက်ဖက်ယမ်းပြီးမှ၊ အုတ်အုတ် သဲသဲမပြုကြနှင့်၊ သူသည် အသက်ရှိ၏ဟုဆို၍ တက်ပြန်၏။ ၁၁ မုန့်ကိုဖဲ့၍ စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။ အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။


ပေါလုနှင့်အဖွဲ့ဆက်၍ခရီးသွား

၁၃ ငါတို့သည် ပေါလုအရင် သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည် ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ထိုသို့စီရင်လေ၏။ ၁၄ အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍မိတုလင်မြို့သို့ သွားကြ၏။ ၁၅ ထိုမှလွှင့်ပြန်လျှင်နက်ဖြန်နေ့၌ ခိအု​ကျွန်းနားမှာလျှောက်သွား၍နောက်တနေ့၌ သာမု​ကျွန်းသို့ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌ နေကြ၏။ နောက်တနေ့၌ လည်းမိလက်မြို့သို့ရောက်ကြ၏။ ၁၆ ပေါလုသည်ပင်တေကုတ္တေပွဲနေ့ [B](a) မလွန်မှီ၊ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင် ရောက်ခြင်းငှါ ကြိုးစားသည်ဖြစ်၍၊ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့်၊ ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်၊ ဟုစိတ်ပြဌာန်းလျက် ရှိနှင့်သတည်း။


ပေါလုဧဖက်မြို့မှ သင်းအုပ်များခေါ်၍မိန့်မှာ

၁၇ မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့စေလွှတ်၍၊ သင်းအုပ်များကို ခေါ်လေ၏။ ၁၈ သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည် အာရှိပြည်သို့ ရောက်သောနေ့မှစ၍၊ ယခုတိုင်အောင် သင်တို့ရှေ့မှာ အဘယ်သို့ကျင့်နေသည်ကို သင်တို့သိကြ၏။ ၁၉ အလွန်နှိမ့်ချသော စိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသော အကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။ ၂၀ သင်တို့ အကျိုးပြုစုရာ တစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အား ဟောပြော၍ ဆုံးမဩဝါဒပေးသဖြင့်၊ ၂၁ ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်း တရားကို၎င်း၊ ငါတို့သခင် ယေရှုခရစ်ကို ယုံကြည်ခြင်း တရားကို၎င်း၊ ယုဒလူ၊ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏။


ပေါလုက ညှဉ်းဆဲခြင်းခံမည်

၂၂ ယခုမှာ ငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကို ခံ၍၊ ယေရုရှလင်မြို့သို့ သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။ ၂၃ သို့သော်လည်း ချည်နှောင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်၊ ဟုသန့်ရှင်း သောဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌၊ ငါ့အားသက်သေခံတော်မူ၏။ ၂၄ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရား [C] (a) ကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက် ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော၊ ငါဆောင်ရွက်ရသော အမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်း အမှုတစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ။ ၂၅ ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှသည် နောက်တဖန် ငါ့မျက်နှာကို မမြင်ရကြ၊ ဟုငါသိ၏။ ၂၆ ထိုကြောင့် လူအပေါင်းတို့၏ အသွေးနှင့် ငါကင်းလွတ်သည်၊ ဟုယနေ့၌ သင်တို့အား ငါသက်သေခံ၏။ ၂၇ ဘုရားသခင်၏ အလိုတော်ကို သင်တို့အား၊ အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည် မလွှဲမရှောင်ဘဲပြုခဲ့ပြီ။


အသင်းတော်များကိုသတိနှင့်ကြည့်ရှုစောင့်ရှောက်ဘို့မှာ
CROSS REFERENCES





CROSS REFERENCES






၂၈ ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်​ကျွေးစေခြင်းငှါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော၊ သိုးစုတစုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ ၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည်၊ သိုးများကို မသနားဘဲ၊ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊ ၃၀ တပည့်တော်များကို သွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူ တို့သည်၊ [D] သင်တို့အထဲ၌ ပေါ်လာမည်ကို၎င်း၊ ငါသိ၏။ ၃၁ ထိုကြောင့် စောင့်ရှောက်၍ နေကြလော့။ ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွဆုံးမ၍၊ နေကြောင်းကို အောက်မေ့ကြလော့။ ၃၂ ညီအစ်ကိုတို့၊ ယခုငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသော သူအပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှါ၎င်း၊ [E] တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော်တရား၌ လည်း၊ သင်တို့ကို ငါအပ်နှံ၏။ ၃၃ သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည် တပ်မက်ခြင်းမရှိပြီ။ [E] ၃၄ ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဖေါ် တို့ကို၎င်း၊ လုပ်​ကျွေးပြီ၊ ဟုသင်တို့သည် ကိုယ်တိုင်သိကြ၏။ ၃၅ ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍၊ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲခံခြင်းအရာထက်၊ စွန့်ကြဲခြင်းအရာသည် သာ၍ မင်္ဂလာရှိသည်၊ ဟုသခင်ယေရှု မိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီ၊ ဟု၃၆ ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။ ၃၇ ထိုသူ အပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏လည်ပင်းကို ဘက်ယမ်းလျက် သူကိုနမ်းကြ၏။ ၃၈ နောက်တဖန်သူ၏ မျက်နှာကိုမမြင်ရ ဟူသောစကားကြောင့်၊ သာ၍ ကြေကွဲသော စိတ်နှင့် ပေါလုကို သင်္ဘောသို့ပို့လိုက်ကြ၏။

_________________________
Footnotes


၁၆ (a) Πεντηκοστῆς Pentecost "ပင်တေကုတ္တေ"ဟူသော စကားလုံးကို ပဋိညာဉ်တရားဟောင်းကျမ်းတွင် မတွေ့ရချေ။ ပဋိညာဉ် တရားသစ်ကျမ်းတွင် သုံးကြိမ်သာတွေ့ရသည် (တမန် ၂း၁။ တမန် ၂၀း၁၆။ ၁ ကော ၁၆း၈)။ ပဋိညာဉ်တရားဟောင်းတွင် "သတင်းများပွဲ" ဟုရေးထားသည် (ဝတ်ပြု ၂၃း၁၅-၁၆)


၂၄ (b) "ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရား" သည် "နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား" နှင့်မတူချေ။ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားသည်၊ ခရစ်တော်အသေခံ၍ ရှင်ပြန်ထမြောက်ပြီးမှ ဟောပြောသောတရားဖြစ်၍၊ လောကမှာတည် ထောင်မည့် နိုင်ငံတော်မဟုတ်ဘဲ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်မည့်အရာဖြစ်သည်။ ထိုတရား၌ ဒုတိယမွေးဖွားရမည်ဟူသော အရာသည် အဓိကဖြစ်သည်။ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားသည်၊ လောက၌ ခရစ်တော် အုပ်စိုးမည့်အရာဖြစ်၍၊ နောင်တရခြင်းသည် အဓိကတရားဖြစ်သည်။ ထိုတရားကို ဗတ္တိဇံဆရာယောဟန်က စတင်ဟော၍၊ ခရစ်တော်နှင့်တပည့်တော်များက ဆက်ဟောခဲ့သည်။ ယခုအသင်းတော်ခေတ်၌ ထိုတရားကိုမဟောတော့ပါ။ နိုင်ငံတော်တရားကို ဘေးဒဏ်ကြီးကာလ၌ (မဿဲ ၂၄း၁၄) ပြန်ဟောကြမှာ ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.