-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂


ပင်တေကုတ္တေနေ့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်
CROSS REFERENCES





CROSS REFERENCES






ပင်တေကုတ္တေပွဲနေ့ [A]ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍ နေကြ၏။ ထိုအခါ လေပြင်းမုန်တိုင်း ကဲ့သို့သော အသံသည်၊ တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သော အိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင်၊ ကွဲပြားသော လျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍၊ [B] ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း၊ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။


အမျိုးမျိုးသော စကားဖြင့်ဟောကြ

ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသော လူမျိုးထဲက၊ တရားကို ရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။ ထိုအသံကို ကြားရသောအခါ၊ လူများတို့သည် စုဝေးလာကြလျှင်၊ အသီးသီး အခြားခြားသော မိမိတို့ဘာသာစကားဖြင့်၊ တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍၊ မှိုင်တွေလျက် ရှိနေကြ၏။ ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမော တွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူ အပေါင်းတို့သည်၊ ဂါလိလဲလူ ဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည်၊ အသီးသီး မွေးဖွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား၊ အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသော ပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ ၁၀ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့် စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှ လာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊ ၁၁ ကရေတေပြည်သား၊ အရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည်၊ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို၊ ငါတို့အမျိုး ဘာသာစကားဖြင့် ဟောပြောကြသည်ကို၊ ကြားရပါသည်တကား၊ ဟုအချင်းချင်းပြောဆိုကြ၏။ ၁၂ ထိုလူအပေါင်းတို့သည်၊ မိန်းမော တွေးတောသော စိတ်ရှိသည်နှင့်၊ ဤအမှုအရာသည် အဘယ်သို့သော အမှုအရာဖြစ်သနည်း၊ ဟုတစ်ယောက်ကို တစ်ယောက် ပြောဆိုကြ၏။ ၁၃ လူအချို့တို့က၊ ဤသူတို့သည် ချိုသော စပျစ်ရည်နှင့် ပြည့်ဝသည်၊ ဟုကဲ့ရဲ့ပြောဆိုကြ၏။


ပေတရုကရှင်းပြ

၁၄ ထိုအခါ တစ်ကျိပ်တစ်ပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည် ထလျက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့် ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားနှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကိုသိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။၁၅ ယခုအချိန်ကား နံနက်တစ်ချက်တီး အချိန်သာ ရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။၁၆ ဤအရာကား ပရောဖက်ယောလ ဟောဘူးသောအရာ ဖြစ်သတည်း။ [C] ၁၇ ဟောဘူးသော အချက်ကား၊ နောင်ကာလ၌၊ လူမျိုးတကာတို့ အပေါ်သို့၊ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သော သူတို့သည်၊ ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသော သူတို့သည်လည်း၊ နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ ၁၈ ထိုကာလ၌လည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့၊ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း ၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ ၁၉ အထက် မိုးကောင်းကင်၌ အံ့ဘွယ်သော အရာတို့ကို၎င်း၊ အောက်အရပ် မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။ ၂၀ ထာဝရ ဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။ ၂၁ ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည်၊ ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့၊ ဟုဘုရားဗျာဒိတ်တော်ရှိ၏။


သင်တို့သည် ယေရှုကိုကွပ်မျက်ကြပြီ
CROSS REFERENCES






၂၂ ဣသရေလလူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သိကြသည်အတိုင်း၊ နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို၊ သင်တို့တွင် ပြုရသောအခွင့်နှင့်၊ ဘုရားသခင် ပေးတော်မူသော သက်သေကိုရသောသူ ဖြစ်၍၊ [D] ၂၃ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကို ခံသော ထိုယေရှုကို၊ သင်တို့သည် ဖမ်းဆီး၍ မတရားသော သူတို့လက်ဖြင့်၊ လက်ဝါးကပ် တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။ ၂၄ ထိုသူကို သေခြင်းဝေဒနာသည်၊ အစဉ်ချည်နှောင် ချုပ်ကိုင်၍ မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။ ၂၅ ထိုသူကို အကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါ့လက်ယာဖက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည် လှုပ်ရှားခြင်းမရှိရ။ ၂၆ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ ၂၇ အကြောင်းမူကား၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ (HADES) ၌ပစ်ထားတော်မမူ။ [E] ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း၊ ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ ၂၈ မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် အ​ကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်၊ ဟုဒါဝိဒ်ဆိုသတည်း။


ဒါဝိဒ်သည် ယေရှုထမြောက်မည့်အကြောင်းဟော

၂၉ ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို၊ ငါသည်သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုလ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။ ၃၀ ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင် ထမြောက်စေ၍၊ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း၊ ဓိဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့် သိ၍၊ ၃၁ ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော် ၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ (HADES) ၌ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်၊ ဟုအနာဂတံသ ဥာဏ်နှင့် ဟောလေ၏။ [F] ၃၂ ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို၊ ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ ၃၃ ထိုသို့ ဘုရားသခင်သည် လက်ယာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည် ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်ကို၊ ခမည်းတော်ထံ၌ ခံပြီဖြစ်၍၊ သင်တို့သိမြင်ကြားရသော အရာကို ညွှန်းလောင်းတော်မူ၏။ ၃၄ ဒါဝိဒ်သည် ကောင်းကင်သို့ မတက်သေး၊၃၅ သို့ရာတွင် ထာဝရ ဘုရားက၊ သင်၏ရန်သူတို့ကို သင်၏​ခြေတင်ရာ ငါမချ မထားမှီတိုင်အောင် ငါ့လက်ယာဖက်၌ ထိုင်နေလော့၊ ဟုငါ့သခင်အား မိန့်တော်မူသည်၊ ဟုဒါဝိဒ်စကားရှိ၏။ [G] ၃၆ ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို၊ ဘုရားသခင်သည် ခရစ်တော်အရာ၌၎င်း၊ အစိုးရသော အရှင်အရာ၌၎င်း၊ ခန့်ထားတော်မူသည် အကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့၊ အတပ်အမှန် သိမှတ်ကြလော့၊ ဟုပေတရုဟောလေ၏။


လူသုံးထောင် ယုံကြည်ကြ

၃၇ ထိုသူတို့သည် ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုပေတရုမှစ၍ အခြားသော တမန်တော်တို့အား မေးမြန်းကြ၏။ ၃၈ ပေတရုကလည်း၊ သင်တို့၏ အပြစ်ကို လွတ်စေခြင်းငှာ၊ နောင်တ ရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော၊ ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ၃၉ အကြောင်းမူကား၊ ကတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ သားသမီးတို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း၊ ဆိုင်သည်ဟုဟော၏။ ၄၀ ထိုမှတပါး သဘောမ​ဖြောင့်သော ဤအမျိုးမှ၊ ကယ်တယ်ခြင်းသို့ ရောက်ကြလော့ဟူ၍၊ အထူးထူး အပြားပြားသော စကားနှင့် သက်သေခံ၍၊ တိုက်တွန်း သွေးဆောင်လေ၏။ ၄၁ ထိုစကားကို အသင့်နှလုံး သွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။ [H]


ယုံကြည်သူများ နေ့တိုင်းပေါင်းဖော်ကြ

၄၂ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။ [I] ၄၃ လူအပေါင်းတို့သည် ကြောက်လန့်ခြင်း ရှိသည်ဖြစ်၍၊ တမန်တော်တို့သည် များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ ၄၄ ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်း နေသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ ၄၅ မိမိတို့ ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှခြင်းကို ပြုကြ၏။ ၄၆ ထိုသူတို့သည်လည်း ဗိမာန်တော်၌၊ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ်နှင့်၊ အစာအာဟာရကို သုံးဆောင်ကြ၏။ ၄၇ ဘုရားသခင်ကိုလည်း ချီးမွမ်း၍၊ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သော သူတို့ကိုလည်း၊ နေ့စဉ် မပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။

_________________________
Footnotes


%%%v


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.