တမန်တော်၀တ္ထု
အခန်းကြီး ၁၄
ဣကောနိမြို့မှ ပေါလုတို့ထွက်ပြေး
၁ ဣကောနိမြို့ သို့ရောက်လျှင်၊ ထိုသူနှစ်ယောက်တို့သည်၊ ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည်၊ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၂ မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုးသားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှာ ချောစားကြ၏။ ၃ ထိုကြောင့် ကြာမြင့်စွာနေ၍၊ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင်ဘုရားသည်လည်း၊ ကျေးဇူးတရားတော်ဘက်၌ သက်သေခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုနိုင်မည်အကြောင်း၊ အခွင့်ပေးတော်မူ၏။ ၄ ထိုမြို့သူမြို့သား အပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌၎င်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌၎င်း နေကြ၏။ ၅ မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်၊ ဟုတဟုန်တည်း ပြေးလာကြသည် အကြောင်းကို၊ ၆ တမန်တော်တို့သည် သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊ ၇ ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။
ပေါလုအားဖြင့် ခြေမစွမ်းသူကျန်းမာ
၈ အမိဝမ်းတွင်းက ပင်ခြေမစွမ်းသဖြင့်၊ တစ်ခါမျှ မသွားဘူးသော လူတစ်ယောက်သည် လုတ္တရမြို့၌ ထိုင်လျက်၊ ၉ ပေါလု ဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကို စေ့စေ့ကြည့်ရှု၍၊ ရောဂါကင်းမည်အကြောင်း သူ၌ ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊ ၁၀ ထ၍ မတ်တပ်ရပ်လော့၊ ဟုကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူသည် ရုတ်တရက်ထ၍ လှမ်းသွားလေ၏။ ၁၁ ပေါလုပြုသောအမှုကို မြင်သော လူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကား၊ ဟု လုကောနိ ဘာသာစကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။ ၁၂ ပေါလုသည် သာ၍ဟောပြောသောကြောင့် သူ့ကိုဟေရမေဟူ၍၎င်း၊ ဗာနဗကို ဇုသဟူ၍၎င်း၊ ခေါ်ဝေါ်ကြ၏။
ပေါလုနှင့်ဗာနဗတို့သည် ဘုရားဟုထင်ကြ
၁၃ ထိုမြို့ရှေ့၌ ရှိသောဇုသ၏ ယဇ်ပုရောဟိတ်သည် နွားနှင့်ပန်းကုန်းကို မြို့တံခါးနားသို့ ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊ ၁၄ တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သတင်းကြားလျှင်၊ မိမိတို့အဝတ်ကို ဆုတ်၍ လူစုထဲသို့ ပြေးဝင်လျက်၊ ၁၅ အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်ပါ၏။ [A] သင်တို့သည် ဤအချည်းနှီးသော အရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည် အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။ ၁၆ ရှေးလွန်လေပြီးသော ကာလတို့၌ ၊ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း၊ ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ ၁၇ သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ [B] မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူ၊ ဟုပေါလုနှင့် ဗာနဗသည် ကြွေးကြော်လေ၏။ ၁၈ ထိုသို့ ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း၊ မြစ်တားခဲသောအမှုကို မြစ်တားလေ၏။
ပေါလုကို ကျောက်ခဲနှင့်ပစ်
၁၉ ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့ မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွှတ်တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့် ပစ်၍၊ သေပြီ၊ ဟုစိတ်ထင်နှင့် မြို့ပြင်သို့ဆွဲငင်ကြ၏။ ၂၀ တပည့်တော်တို့သည် ဝန်းရံ၍ နေကြစဉ်၊ ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့်တကွ ဒေရဗေမြို့သို့ ထွက်သွားလေ၏။ ၂၁ ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ကုကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ ပြန်ကြ၏။ ၂၂ ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီပင့်၍၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကို ခံ၍၊ [C] ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်၊ ဟုဟောပြောပြညွှန်ကြ၏။ ၂၃ အသင်းတော် များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက် ဆုတောင်းပဌနာပြုပြီးလျှင်၊ သင်းဝင်သူတို့ ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့၊ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။ ၂၄ ပိသိဒိပြည် တပြည်လုံးကို လျှောက်သွား၍ ပံဖုလိပြည် သို့ရောက်လျှင်၊ ၂၅ ပေရဂေမြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော၍၊ အတ္တလိမြို့သို့ သွားကြပြန်၏။ ၂၆ ထိုမြို့မှ သင်္ဘောစီး၍ လွှင့်သဖြင့်၊ မိမိတို့ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှာ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။ ၂၇ ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကို၎င်း၊ ယုံကြည်ခြင်းတံခါးကို၊ တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း၊ ပြန်ကြားကြ၏။ ၂၈ ထိုမြို့၌ လည်း၊ တပည့်တော် တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။