-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၂


ယာကုပ်သတ်ခံ၊ ပေတရုထောင်ချ
CROSS REFERENCES






ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ သင်းဝင်သူအချို့တို့ကို ညှဉ်းဆဲခြင်းငှါ စီရင်၍၊ ယောဟန်၏ အစ်ကိုဖြစ်သော ယာကုပ်ကို၊ ထားနှင့် ကွပ်မျက်လေ၏။ ယုဒလူတို့သည် အားရ ဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊ ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲ [A]လွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့်၊ အစောင့်အရှောက် စစ်သူရဲ တကျိန်​ခြောက်ယောက်တို့၌ အပ်၍၊ ထောင်ထဲမှာ လှောင်ထားလေ၏။ ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဘို့ကြိုးစား၍၊ ဘုရားသခင်ကို ဆုတောင်းပဌနာပြုကြ၏။


ပေတရုကို ကောင်းကင်တမန်ကယ်

ပေတရုသည် ဟေရုဒ်မင်း ထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲ နှစ်ယောက်တို့ အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင်၊ ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဖေးကို ပုတ်ခတ်၍၊ အလျှင်အမြန်ထလော့၊ ဟုဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ​ ကျွတ်လေ၏။ ကောင်းကင်တမန် ကလည်း၊ သင်၏ခါးပန်းကို စည်းလော့၊ ​ခြေနင်းကိုလည်း စီးလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့ လိုက်လော့၊ ဟုဆိုပြန်၏။ ပေတရုသည်ထွက်၍ လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ် သည်၊ ဟုမသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်၊ ဟုထင်လေ၏။ ၁၀ လူစောင့်နှစ်တန်ကို လွန်သွား၍၊ မြို့ထဲသို့ဝင်သော သံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့်၊ သူတို့သည်ထွက်၍ လမ်းတကြောင်း၌ လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှခွာ၍ သွားလေ၏။


ပေတရုထွက်လာသည် ကိုမယုံကြည်ကြ

၁၁ ပေတရုသည် သတိရလျှင်၊ ယခုပင်သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ ဟေရုဒ်မင်းလက်မှ၎င်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှ၎င်း၊ ငါ့ကို ကယ်နှုတ်တော်မူသည်ကို၊ ငါအမှန်သိ၏၊ ဟုအောက်မေ့စဉ်၊ ၁၂ လူများအစုအဝေး၌ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော၊ ယောဟန်၏ အမိဖြစ်သော မာရိ၏အိမ်သို့ရောက်၍၊ ၁၃ အိမ်ဦးတံခါးကို ခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တယောက်သည်၊ နားထောင်ခြင်းငှါ လာ၍၊ ၁၄ ပေတရု၏စကားသံကို သိလျှင်၊ ဝမ်းမြောက်သောအားဖြင့်၊ တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာ ရပ်နေသည်၊ ဟုကြားပြော၏။ ၁၅ ထိုသူတို့က၊ သင်သည် အရှုးဖြစ်၏၊ ဟုထိုမိန်းမငယ်အား ဆိုကြသော်လည်း၊ ပေတရုအမှန်ရှိသည်၊ ဟုသူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန် ဖြစ်လိမ့်မည်၊ ဟုဆိုကြ၏။ ၁၆ ပေတရုသည်ခေါက်၍ နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင်သဖြင့် အလွန်တရာအံ့ဩကြ၏။ ၁၇ ပေတရုသည်လည်း ထိုသူတို့ကို တိတ်ဆိတ်စွာ နေစေခြင်းငှါ၊ မိမိလက်နှင့် အမှတ်ပေး၍ မိမိကိုထောင်ထဲက၊ သခင်ဘုရား နှုတ်တော်မူသော အကြောင်းအရာကို ဖေါ်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီအစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့၊ ဟုဆိုပြီးလျှင်၊ ထွက်၍ အခြားတပါးသို့ သွားလေ၏။


ဟေရုဒ်မင်းသေ၊ သာသနာတော်တိုးပွား

၁၈ မိုးလင်းသော အခါ၊ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ဖြစ်သနည်း၊ ဟုရုန်းရင်းခတ်မျှ ဖြစ်ကြ၏။ ၁၉ ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍မ တွေ့သည်ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ၊ သတ်မည်အကြောင်းကို စီရင်လေ၏။ ၂၀ ထိုနောက် ဟေရုဒ်မင်းသည်၊ ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန်မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်း လာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော် ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည် ပြည်တော်ကိုမှီ၍၊ ကျွေးမွေးခြင်း ကိုခံရ၏။ ၂၁ ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌၊ မင်းမြောက်တန်ဆာကို ဝတ်ဆင်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အား မိန့်တော်မူ၏။ ၂၂ လူများတို့က၊ ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင် ၏ အသံဖြစ်၏၊ ဟုကြွေးကြော်ကြသည်ရှိသော်၊ ၂၃ ထိုမင်းကြီးသည်၊ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ ဒဏ်ခတ်၍ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့်၊ အနိစ္စရောက်လေ၏။ ၂၄ ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလေ၏။ ၂၅ ဗာနဗနှင့် ရှောလုတို့သည် လုပ်​ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်းခေါ်ခဲ့၍ ယေရုရှလင်မြို့မှ ပြန်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.