-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၆

CROSS REFERENCES






လူငါးထောင်အစာကျွေး [A]
CROSS REFERENCES






ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော၊ ဂါလိလဲအိုင်ကို ကူးတော်မူ၏။ အနာရောဂါစွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို၊ လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့်၊ နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် တောင်ပေါ်သို့ တက်ကြွ၍၊ တပည့်တော်တို့နှင့် အတူထိုင်တော်မူ၏။ ထိုအခါ ယုဒလူတို့၏ ပသခါပွဲ [B]ခံချိန် ရောက်လုနီးသတည်း။ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေး အပေါင်းတို့သည် အထံတော်သို့ လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့ စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်း၊ ဟုမေးတော်မူ၏။ ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာ သာမေးတော်မူ၏။ ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီ စေ့ငှအောင် ဒေနာရိ အပြားနှစ်ရာ အဘိုးထိုက်သော မုန့်မလောက်ပါ၊ ဟုလျှောက်လေ၏။ ရှိမုန်ပေတရု၏ညီ အန္ဒြေအ​မည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင် ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသော လူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့်ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း၊ ဟုလျှောက်၏။ ၁၀ ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေ၊ ဟုမိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက် ရှိသည်ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ ၁၁ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။ ၁၂ ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က ဘာမျှမပျောက်စေခြင်းငှာ၊ ကျန်ကြွင်းသော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ ၊ ဟုတပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ ၁၃ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။ ၁၄ ထိုသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်၊ ဟုဆိုကြ၏။


ယေရှုရေပေါ်လျှောက်

၁၅ ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာလာ၍၊ အနိုင်အထက် ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင်၊ [C] တောင်ပေါ်သို့ တစ်ယောက်တည်း ကြွတော်မူပြန်၏။ ၁၆ ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ပြီးလျှင်၊ ကပေရနောင်မြို့သို့ ရောက်အံ့သောငှာ အိုင်ကိုကူးကြ၏။ ၁၇ ထိုအခါ မှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ရှိရာသို့ မရောက်သေး။ ၁၈ လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုး ထလေ၏။ ၁၉ ခရီးတစ်တိုင်ခွဲ နှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်း ရှိကြ၏။ ၂၀ ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်၊ ဟုမိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာ ခံယူကြ၏။ ၂၁ လှေသည်လည်း ရောက်လိုသော အရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။ ၂၂ အိုင်တဘက်၌ နေသော လူအစုအဝေးတို့သည်ကား၊ ၂၃ အထက်က သခင်ဘုရားသည် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့်အနီး၊ တိဗေရိမြို့မှ အခြားသော လှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ ဝင်သော လှေမှတပါး အဘယ်လှေမျှ မရှိသည်ကို၎င်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားကြသည်ကို၎င်း မြင်ကြ၍၊ ၂၄ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့ မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။


ထာ၀ရအစာကိုရှာကြလော့

၂၅ အိုင်တဘက်၌ တွေ့လျှင် ဆရာ၊(a) အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်း၊ ဟုမေးလျှောက်ကြ၏။ ၂၆ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့်၊ ငါ့ကိုရှာသည် မဟုတ်။ ၂၇ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သော အစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍၊ ထာဝရအသက်နှင့်အမျှ တည်တတ်သော အစာကို၊ ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကို၊ ခံသောသူဖြစ်သည်၊ ဟုမိန့်တော်မူ၏။ ၂၈ ထိုသူတို့ကလည်း၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကို၊ ကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြ၏။ ၂၉ ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံခြင်းအကျင့်ကား၊ အလိုတော်နှင့်ညီသော အကျင့်တည်း၊ ဟုမိန့်တော်မူ၏။


ယေရှုကငါသည်အသက်မုန့်

၃၀ ထိုသူတို့ကလည်း၊ အ​ကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍၊ ကိုယ်တော်ကို ယုံကြည်မည်အကြောင်း အဘယ်နိမိတ် လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။ ၃၁ ကျမ်းစာ၌ လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှ မုန့်ကိုပေးတော်မူသည်၊ ဟုလာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကို စားကြသည်၊ ဟုလျှောက်ကြ၏။ ၃၂ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး။ ခမည်းတော်သည် မှန်သော ကောင်းကင်မုန့်ကို သင်တို့အားပေးတော်မူ၏။ ၃၃ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှ ဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသော မုန့်ပေတည်း၊ ဟုမိန့်တော်မူလျှင်၊ ၃၄ သခင်၊ ထိုမုန့်ကို အ​ကျွန်ုပ်တို့အား အစဉ်မပြတ် ပေးတော်မူပါ၊ ဟုလျှောက်ကြ၏။ ၃၅ ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန်ရေငတ်မခံရ။ ၃၆ သို့သော် လည်း သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြ၊ ဟုငါဆိုခဲ့ပြီ။ ၃၇ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။ ၃၈ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှာ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော သူ၏ အလိုတော်သို့ လိုက်ခြင်းငှာ ဆင်းသက်၏။ ၃၉ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသော သူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာ၎င်း၊ ၄၀ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူ ရှိသမျှတို့သည်၊ ထာဝရအသက်ကို ရစေခြင်းငှာ၎င်း၊ အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်၊ ဟုမိန့်တော်မူ၏။


ယေရှုကိုမယုံကြည်ကြ

၄၁ ငါသည် ကောင်းကင်မှ ဆင်းသက်သောမုန့်ဖြစ်၏၊ ဟုမိန့်တော်မူသည်ကို ယုဒလူတို့က၊ ၄၂ ဤသူသည် ယောသပ်၏ သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည် မဟုတ်လော။ ငါသည် ကောင်းကင်မှ ဆင်းသက်၏၊ ဟုသူသည် အဘယ်သို့ ဆိုရသနည်း၊ ဟုကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။ ၄၃ ယေရှုကလည်း၊ ငါ့ကိုအချင်းချင်း ကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။ ၄၄ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော် မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ၄၅ အနာဂတ္တိကျမ်း၌ လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင် တော်မူသောသူ ဖြစ်ကြလိမ့်မည်၊ ဟုလာသည်နှင့်အညီ၊ ခမည်းတော်ထံ၌ နားထောင်၍ နည်းခံသောသူ မှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။ ၄၆ ထိုသို့ငါဆိုသော်၊ ဘုရားသခင့် အထံတော်က ကြွလာသောသူ မှတပါး၊ တစုံတယောက်သော သူသည် ခမည်းတော်ကို မြင်ခဲ့ပြီ၊ ဟုမဆိုလို။ ကြွလာသောသူမူကား၊ ခမည်းတော်ကိုမြင်ခဲ့ပြီ။


ကောင်းကင်မှဆင်းသက်သောမုန့်

၄၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ၄၈ ငါသည် အသက်မုန့်ဖြစ်၏။ ၄၉ သင်တို့ဘိုးဘေးများသည် တော၌ မန္နကိုစားလျက် သေရကြ၏။ ၅၀ ကောင်းကင်မှ ဆင်းသက်သော မုန့်ကိုစားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။ ၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူမည် သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသား ပေတည်းဟုမိန့်တော်မူ၏။ ၅၂ ထိုအခါယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့ အဘယ်သို့ ပေးနိုင်သနည်း၊ ဟုအချင်းချင်းငြင်းခုံကြ၏။ ၅၃ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက်မရှိ။ ၅၄ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည်၊ ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ၅၅ ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာ ကောင်း၏။ ၅၆ ငါ၏အသား၊ အသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။ ၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ ၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့ မဟုတ်။ ဤမုန့်ကို စားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်၊ ဟု၅၉ ကပေရနောင်မြို့မှာ တရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။


ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏
CROSS REFERENCES






၆၀ တပည့်တော် အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူ နားခံနိုင်မည်နည်း၊ ဟုဆိုကြ ၏။ ၆၁ ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့အပြစ်တင်သည်ကို ယေရှုသည် အလိုအလျောက် သိတော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။ ၆၂ လူသားသည် အရင်နေရာအရပ်သို့ တဖန်ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။ ၆၃ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ [D] ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။ ၆၄ သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူ အချို့ရှိ၏။ ၆၅ ထိုကြောင့်ငါ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိုင်၊ ဟုအထက်က ငါဆိုခဲ့ပြီ၊ ဟုမိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူ မယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။


တပည့်တော်များဆုတ်ခွာသွား

၆၆ ထိုအခါမှစ၍ တပည့်တော် အများတို့သည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။ ၆၇ ထိုကြောင့် ယေရှုသည် တစ်ကျိပ်နှစ်ပါးသော သူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှာ အလိုရှိကြသလော၊ ဟုမေးတော်မူလျှင်၊ ၆၈ ရှိမုန်ပေတရုက၊ သခင်၊ အ​ကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။ ၆၉ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင် ၏သားတော် ဖြစ်တော်မူသည်ကို အ​ကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်၊ ဟုလျှောက်လေ၏။ ၇၀ ယေရှုကလည်း တစ်ကျိပ်နှစ်ပါးသော သင်တို့ကို၊ ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်၊ ဟုမိန့်တော်မူ၏။ [E]၇၁ ထိုသို့ မိန့်တော်မူသော်၊ တစ်ကျိပ်နှစ်ပါး အဝင်ဖြစ်၍၊ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကို ဆိုလိုသတည်း။

_________________________
Footnotes


၂၅ (a) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် Rabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.