-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၆


စိတ်မပျက်စေခြင်းငှါ
CROSS REFERENCES






သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကိုငါပြော၏။ လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီ၊ ဟုမိမိထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။ [A] ထိုအချိန်ကာလ ရောက်သောအခါ၊ ငါသည် အထက်က ဤသို့ပြောပြီးသည်ကို၊ သင်တို့ အောက်မေ့စေခြင်းငှါ၊ ယခုပင် ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့်၊ ဤသို့မပြောဘူးသေး။ ငါ့ကိုစေလွှတ်တော်မူသောသူထံသို့ ယခုငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်း၊ ဟုသင်တို့မမေးကြ။ ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့်၊ သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။


ဥပဇ္ဈာယ်ဆရာရောက်လာလျှင်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ (a) သည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ [B] ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဖေါ်ပြမည်။ ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖေါ်ပြမည်။ ၁၀ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန်ငါ့ကို မတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖေါ်ပြမည်။ ၁၁ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကို ခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဖေါ်ပြမည်။ ၁၂ သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ ၁၃ သမ္မာတရား [C]နှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ [B]သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။ ၁၄ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖေါ်ပြလိမ့်မည်။ ၁၅ ခမည်းတော် နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍၊ သင်တို့အား ဖေါ်ပြလိမ့်မည်၊ ဟုငါပြော၏။


ခဏကြာပြီးမှသင်တို့သည်ငါ့ကိုမမြင်ရကြ

၁၆ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်၊ ဟုမိန့်တော်မူ၏။ ၁၇ တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည် ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။ ၁၈ ခဏဟူ၍ မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အ​ကျွန်ုပ်တို့သည် နားမလည်၊ ဟုအချင်းချင်းပြောဆိုကြ၏။ ၁၉ တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်။ ဟုငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။ ၂၀ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငို​ကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိ ကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း၊ ထိုဝမ်းနည်းခြင်းသည် တဖန်ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။ ၂၁ မိန်းမသည် သားကိုဖွားစဉ်အခါ၊ ဖွားရသော အချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဖွားမြင်ပြီးမှ ဤလောက၌ လူတယောက်ကို ဖွားမြင်သောကြောင့်၊ ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသော ဝေဒနာကို မေ့လျော့တတ်၏။ ၂၂ ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်း ရှိကြသော်လည်း၊ နောက်တဖန် သင်တို့ကို ငါတွေ့မြင်သဖြင့်၊ သင်တို့သည် စိတ်နှလုံး ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှါ မတတ်နိုင်။


ငါ့နာမနှင့်ဆုတောင်း

၂၃ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု ၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို၊ ခမည်းတော်သည် ပေးတော်မူမည်။ ၂၄ ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။ ၂၅ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို၊ သင်တို့အား အတိအလင်း ဖေါ်ပြသောအချိန်ကာလ ရောက်လိမ့်မည်။ ၂၆ ထိုကာလ၌ သင်တို့သည်ငါ၏နာမကိုအမှီပြု၍ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။ ၂၇ အ ကြောင်းမူကား၊ သင်တို့သည် ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင် အထံတော်မှ ကြွလာသည်ကို ယုံကြသောကြောင့်၊ ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။


ငါသည်လောကကိုအောင်ပြီ

၂၈ ငါသည် ခမည်းတော်ထံမှ ထွက်၍ ဤလောကသို့ ကြွလာပြီ။ တဖန်ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်၊ ဟုမိန့်တော်မူ၏။ ၂၉ တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင် ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်းဟောတော်မူ၏။ ၃၀ အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှ ကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော်မရှိသည်ကို၎င်း၊ ယခုတွင် အ​ကျွန်ုပ်တို့သိကြပါ၏။ အ​ကျွန်ုပ်တို့သည် ဤအကြောင်းကို ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့် အထံတော်မှ ကြွလာတော်မူသည်ကို၊ ယုံပါသည်၊ ဟုလျှောက်ကြ၏။ ၃၁ ယေရှုကလည်း၊ ယခုတွင် ယုံကြပြီလော။ ၃၂ သင်တို့သည် ကွဲပြား၍၊ ငါ့ကိုတကိုယ်တည်း နေစေခြင်းငှါ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည် အချိန်ကာလသည် လာ၍၊ ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တကိုယ်တည်းနေသည် မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။ ၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍၊ ငြိမ်သက်ခြင်း ရှိစေခြင်းငှါ၊ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီ၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


(a) ဥပဇ္ဈာယ်ဆရာ

Παράκλητος အသံထွက် Paraklētos အင်္ဂလိပ်လို Helper ကူညီသူ။ Comforter နှစ်သိမ့်သူ။ Advocate အကျိုးဆောင်။ ဟုအမျိုးမျိုးဘာသာပြန်ကြသည်။ ဥပဇ္ဈာယ်ဆရာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆိုလိုခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.