-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၂


မာရိက ယေရှုခြေတော်ကို ဆီမွှေးလိမ်း
CROSS REFERENCES






ပသခါပွဲ [A] ခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်က သေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော၊ လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ယေရှုသည် ရောက်တော်မူ၏။ ထိုကြောင့် ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်​ကျွေးမှုကို ဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့အဝင်ဖြစ်၏။ ထိုအခါ မာရိသည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်အကျပ် သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင်၊ မိမိဆံပင်နှင့် သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။ တပည့်တော်တို့အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊ ထိုဆီမွှေးကို ဒေနာရိ အပြားသုံးရာအဘိုးနှင့် ရောင်း၍၊ ဆင်းရဲသောသူတို့အား အဘယ်ကြောင့် မပေးသနည်း၊ ဟုဆို၏။ ထိုသို့ဆိုသော် ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည် မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့် သာဆိုသတည်း။ ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကို သင်္ဂြိုလ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင်အောင်သူသည် ဤဆီမွှေးကိုသိုထားပြီ။ ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်၊ ဟုမိန့်တော်မူ၏။


လာဇရုကိုပါ သတ်ဘို့စီရင်

ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့် သာလာသည်မဟုတ်။ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။ ၁၀ ထိုသို့ယုဒလူများတို့သည် လာဇရုကို အကြောင်းပြုသဖြင့်ထွက်သွား၍၊ ၁၁ ယေရှုကို ယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်း သတ်ခြင်းငှါ တိုင်ပင်စီရင်ကြ၏။


ယေရှုရှင်ဘုရင်အဖြစ် ပေးအပ်

၁၂ နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော သူအစုအဝေးအပေါင်းတို့သည် ကြားရလျှင်၊ ၁၃ စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည်၊ မင်္ဂလာရှိစေသတည်း၊ ဟုကြွေးကြော်ကြ၏။ ၁၄ ကျမ်းစာ၌လာသည်ကား၊ ၁၅ အိုဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေး ကိုစီး၍ သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့၊ ဟုရေးထားသည်နှင့်အညီ၊ ယေရှုသည် မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။ [B] ၁၆ ထိုအကြောင်းအရာကို တပည့်တော်တို့သည်၊ အစအဦး၌ နားမလည်သော်လည်း၊ ကိုယ်တော်ကိုရည်မှတ်၍ ထိုသို့ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို၎င်း၊ ဘုန်းပွင့်တော်မူသည် နောက်သတိရ၍ မှတ်မိကြ၏။ ၁၇ နောက်တော်သို့ လိုက်သောလူ အစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍၊ သေခြင်းမှ ထမြောက်စေတော်မူသည် အကြောင်းကို သက်သေခံကြ၏။၁၈ ထိုနိမိတ်လက္ခဏာကို ပြတော်မူသည်၊ ဟုလူများတို့သည် သိတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၏။ ၁၉ ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကား၊ ဟုပြောဆိုကြ၏။


အသက်နှမြောသူ အသက်ဆုံးမည်

၂၀ ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။ ၂၁ ထိုသူတို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍၊ အ​ကျွန်ုပ်တို့သည် ယေရှုကိုမြင်ချင်ပါသည်ခင်ဗျား၊ ဟုတောင်းပန်ကြ၏။ ၂၂ ဖိလိပ္ပုသည်သွား၍ အန္ဒြေကိုကြားပြောပြီးမှ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။ ၂၃ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ၂၄ ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသော အသီးကိုသီးတတ်၏။ ၂၅ မိမိအသက်ကို နှမြောသောသူသည် အသက်ရှုံး(a) လိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။ ၂၆ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏ အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြောက်တော်မူလတံ့။


ကောင်းကင်ကအသံ
CROSS REFERENCES






၂၇ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှအ​ကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘ၊ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။ ၂၈ အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါ၊ ဟုမိန့်မြွက်တော်မူ၏။ ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်၊ [C] ဟုလာ၏။ ၂၉ ၀န်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင်၊ မိုးချုန်းသည်၊ ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန် မြွက်သည်၊ ဟုဆိုကြ၏။ ၃၀ ယေရှုက ထိုစကားသံသည် ငါ့အဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့ အလိုငှါလာ၏။


လူသားသည် မြှောက်ထားခြင်းခံရမည်

၃၁ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် [D] ပြင်သို့နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကိုခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်၊ ဟုမိန့်တော်မူ၏။ ၃၃ ထိုသို့မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။ ၃၄ လူများတို့လည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်။ ဟုပညတ္တိကျမ်း၌ လာကြောင်းကို အ​ကျွန်ုပ်တို့ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကိုခံရမည်၊ ဟုသင်သည် အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်း၊ ဟုဆိုကြ၏။


ကြီးစွာသော နိမိတ်ပြသော်လည်း မယုံကြ
CROSS REFERENCES






၃၅ ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမှီလိမ့်မည်။ မှောင်မိုက်၌ သွားသောသူသည် အဘယ်ဆီသို့ မိမိသွားသည်ကို မိမိမသိ။ ၃၆ အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ၊ အလင်းကို ယုံကြည်ကြလော့၊ ဟုမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။ ၃၇ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို၊ သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း၊ သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။ ၃၈ ပရောဖက် ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့ဟော ပြောသောသိတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်၊ အဘယ်သူအား ထင်ရှားတော်မူသနည်း၊ ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။ [E] ၃၉ တဖန်ပရောဖက် ဟေရှာယဟောပြန်သည်ကား၊ ၄၀ သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်၊ သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏၊ ဟူသော စကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ [F]၄၁ ဟေရှာယသည် ဘုန်းအာနုဘော်ကိုမြင်၍၊ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။ ၄၂ သို့သော် လည်း အရာရှိအများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။ တရားစရပ်မှ ဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။ ၄၃ အကြောင်းမူကား၊ ဘုရားသခင် ပေးတော်မူသော ဘုန်းအသရေထက်၊ လူတို့ပေးသော ဘုန်းအသရေကိုသာ၍ နှစ်သက်ကြ၏။


ငါ့ကိုယုံကြည်သူသည်ငါ့ကို စေလွှတ်သူယုံကြည်
CROSS REFERENCES






၄၄ ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည် မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။ ၄၅ ငါ့ကို ကြည့်မြင်သောသူသည်၊ ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။ [G] ၄၆ ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌ မနေစေခြင်းငှါ၊ ငါသည်အလင်းဖြစ်လျက် [H] ဤလောကသို့ကြွလာပြီ။ ၄၇ ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင်၊ ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ၄၈ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား၊ အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။ ၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောသည်မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်၊ အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရအသက် ဖြစ်သည်ကို ငါသိ၏။ ၅၀ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော် မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်၊ ဟုကြွေးကြော်၍ မိန့်တော်မူ၏။

_________________________
Footnotes


၂၅ (a) ἀπολλύει အင်္ဂလိပ်အသံထွက် apollyei ၏အဓိပ္ပါယ် "loses" ကိုမြန်မာကျမ်းစာအုပ်၌ "ဆုံး" ဟုရေးထားသည်။ ထိုအရာသည် "ရှုံး" ဖြစ်ရမည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.