-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၁


လာဇရုနာ

ညီအစ်မမာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသောသူ တယောက်သည် နာလျက်နေလေ၏။ နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့်သုတ်သော မာရိဖြစ်သတည်း။ [A] ညီအစ်မတို့သည် အထံတော်သို့ စေလွှတ်၍၊ သခင်၊ ကိုယ်တော် ချစ်တော်မူသောသူသည် နာလျက်နေပါသည်၊ ဟုလျှောက်ကြ၏။ ထိုစကားကို ယေရှုသည်ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏ သားတော်သည်၊ ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ယေရှုသည် မာသကို၎င်း၊ သူ၏ညီမနှင့် လာဇရုကို၎င်း၊ ချစ်တော်မူ၏။ လာဇရုနာသည် ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။


အလင်း၌ သွားလျှင်မလဲတတ်

ထိုနောက်မှ တပည့်တော်တို့အား၊ ယုဒပြည်သို့တဖန် သွားကြကုန်အံ့၊ ဟုမိန့်တော်မူလျှင်၊ တပည့်တော်တို့က၊ ဆရာ၊(a) ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့် ပစ်ခြင်းငှါရှာကြံလျက်ပင်၊ ထိုအရပ်သို့ တဖန်ကြွတော်မူဦးမည်လော၊ ဟုလျှောက်ကြ၏။ ယေရှုကလည်း၊ တနေ့တွင် တဆယ့်နှစ်နာရီ ရှိသည်မဟုတ်လော။ လူသည် နေ့အချိန်၌ သွားလာလျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍မလဲတတ်။ ၁၀ ညအချိန်၌ သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏၊ ဟုမိန့်တော်မူပြီးမှ၊


လာဇရုသေပြီ

၁၁ ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည် ဟုမိန့်တော်မူ၏။ ၁၂ တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်၊ ဟုလျှောက်ကြ၏။ ၁၃ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိ အိပ်ပျော်ကြောင်းကို မိန့်တော်မူသည်၊ ဟုတပည့်တော်တို့သည် ထင်မှတ်ကြ၏။ ၁၄ ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ ၁၅ ထိုအရပ်၌ ငါမရှိသည်ကို ထောက်၍၊ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ယခုသွားကြကုန်အံ့၊ ဟုအတည့်အလင်းမိန့်တော်မူ၏။ ၁၆ ဒိဒုမုအမည်ရှိသောသောမက၊ အ​ကျွန်ုပ်တို့လည်းလိုက်၍၊ သခင်နှင့်အတူ အသေခံကြကုန်အံ့၊ ဟုတပည့်တော်ချင်းတို့အား ပြောဆို ၏။


ယေရှုကလာဇရုထမြောက်မည်ဟုဆို
CROSS REFERENCES






၁၇ ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုလ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။ ၁၈ ဗေသနိရွာသည် ယေရုရှလင်မြို့နှင့်တတိုင် (နှစ်မိုင်နီးပါး) လောက်သာ ကွာသည်ဖြစ်၍၊ ၁၉ မာသနှင့်မာရိတို့၏ မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည် လာကြ၏။ ၂၀ ယေရှု ကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါ သွား၏။ မာရိမူကား အိမ်၌ ထိုင်လျက်နေရစ်၏။ ၂၁ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။ ၂၂ ယခုသေလျက်ရှိသော်လည်း၊ ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှ အတိုင်း၊ ဘုရားသခင်ပေးတော်မူမည်ကို ​ကျွန်မသိပါသည်၊ ဟုလျှောက်၏။ ၂၃ ယေရှုကလည်း၊ သင်၏ မောင်သည် ထမြောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၂၄ မာသကလည်း၊ နောက်ဆုံးသော နေ့တည်းဟူသော၊ ထမြောက်ရာကာလ၌ [B]သူသည်ထမြောက်လိမ့်မည်ကို​၊ ကျွန်မသိပါသည်၊ ဟုလျှောက်၏။


ယေရှုသည်ထမြောက်ခြင်းအသက်ရှင်ခြင်းဖြစ်

၂၅ ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း၊ သေခြင်းနှင့်အစဉ်မ ပြတ် ကင်းလွတ်ကြလိမ့်မည်။ [C] ငါ့စကားကို ယုံသလော၊ ဟုမေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။ ၂၇ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော၊ ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို၊ [D] ​ကျွန်မယုံပါသည်၊ ဟုလျှောက်၏။ ၂၈ ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမမာရိအား၊ ဆရာ(b) ရောက်လာတော်မူပြီ။ သင့်ကိုခေါ်တော်မူသည်၊ ဟုတိတ်ဆိတ် စွာခေါ်လေ၏။ ၂၉ မာရိသည် ထိုစကားကိုကြားလျှင်၊ အလျှင်တဆောထ၍ အထံတော်သို့သွားလေ၏။ ၃၀ ထိုအခါယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသော အရပ်၌ရှိတော်မူသတည်း။ ၃၁ ထိုကြောင့် နှစ်သိမ့်စေသောစကားကို ပြောလျက် မာရိနှင့်အတူ အိမ်၌ ရှိသော ယုဒလူတို့သည်၊ မာရိအလျှင်တဆောထ၍ ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့သွားပြီ၊ ဟုဆို၍၊ သူ့နောက်သို့ လိုက်ကြ၏။ ၃၂ မာရိသည် ယေရှုရှိတော်မူရာ အရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ၊ ဟုလျှောက်၏။ ၃၃ မာရိမှစ၍ လိုက်လာသော ယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည် မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊ ၃၄ အလောင်းကို အဘယ်မှာထားကြသနည်း၊ ဟုမေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါ၊ဟုလျှောက်ကြ၏။


ယေရှုသည်မျက်ရည်ကျတော်မူ၏
CROSS REFERENCES






၃၅ ယေရှုသည် မျက်ရည်ကျတော်မူ၏။ [E] ၃၆ ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည် တကား၊ ဟုဆိုကြ၏။ ၃၇ အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်သလော၊ ဟုဆိုကြ၏။ ၃၈ တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။ ၃၉ ကျောက်ကိုရွေ့ကြလော့၊ ဟုယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏ နှမမာသက၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီ၊ ဟုလျှောက်၏။ ၄၀ ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ [F] ငါပြောပြီမဟုတ်လော၊ ဟုမိန့်တော်မူ၏။


လာဇရုကိုထမြောက်စေ

၄၁ ထိုအခါ သေလွန်သောသူ၏အင်္ချိုင်းမှ ကျောက်ကိုရွေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်စကားကို နားထောင်တော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ ၄၂ ကိုယ်တော်သည်အ​ကျွန်ုပ်စကားကို အစဉ်မပြတ် နားထောင်တော်မူသည်ကို အ​ကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည်အ​ကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို၊ ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည်၊ ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကို ထောက်၍၊ ဤသို့အ​ကျွန်ုပ်လျှောက်ပါ၏၊ ဟုမိန့်မြွက်တော်မူပြီးမှ၊ ၄၃ လာဇရုထွက်၍လာလော့၊ ဟုကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ၄၄ ထိုအခါ သေလွန်သောသူသည် မိမိ​ခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်းပဝါနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့၊ ဟုမိန့်တော်မူ၏။


လာဇရုထမြောက်ခြင်းကြောင့်ဂရက်ရိုက်

၄၅ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည်၊ ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။ ၄၆ အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။ ၄၇ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကို ပြ၏။ ၄၈ သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း၊ သုတ်သင် ပယ်ရှင်းကြလိမ့်မည်၊ ဟုပြောဆိုကြ၏။၄၉ ထိုသူတို့အဝင်၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့သည် အလျှင်းမသိကြ။ ၅၀ ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အတွက် သေသော်သာ၍ကောင်းသည်ကို၊ သင်တို့သည် မဆင်ခြင်ပါတကား၊ ဟုပြောဆို၏။ ၅၁ ထိုစကားကို ကိုယ်အလို အလျောက်ပြောဆိုသည် မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍၎င်း၊ ၅၂ ထိုအမျိုးအတွက်သာမက၊ အရပ်ရပ်တို့၌ ကွဲပြာလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့် ဟောပြော၏။


ယေရှုကိုသတ်ဘို့ရှာကြံကြ
CROSS REFERENCES





CROSS REFERENCES






၅၃ ထိုနေ့မှစ၍ ကိုယ်တော်၏ အသက်ကိုသတ်ခြင်းငှါ၊ တိုင်ပင်ကြံစည်ကြ၏။ [G] ၅၄ ထိုကြောင့်၊ ယေရှုသည် နောက်တဖန် ယုဒလူတို့တွင် ထင်ရှားစွာမလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး၊ ဧဖရိမ်အမည်ရှိသော မြို့သို့ကြွ၍၊ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ၅၅ ယုဒပသခါပွဲ [H] ခံခါနီးတွင်၊ လူများတို့သည် မိမိတို့ကို သန့်ရှင်းစေခြင်းငှါ၊ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။ ၅၆ ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလော၊ ဟုဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။ ၅၇ ထိုအခါအဘယ်သူသည်၊ ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှါ၊ ပြညွှန်ရမည်၊ ဟုယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည်မှာခဲ့ကြပြီ။

_________________________
Footnotes


(a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλος အင်္ဂလိပ်အသံထွက် Didaskalos ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။

၂၈ (b) မူရင်းဂရိတ်ကျမ်း၌ Ῥαββί အင်္ဂလိပ်အသံထွက်Rhabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.