-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၈


နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား
CROSS REFERENCES






ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [A] (a) ကိုဟောတော်မူ၏။ တကျိပ်နှစ်ပါးသော တပည့်တော်တို့သည်၊ နောက်တော်သို့ လိုက်ကြ၏၊ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလ၊ ဟုခေါ်ဝေါ်သောမာရိ၊ ဟေရုဒ်မင်း၏ စားတော်ကဲ ခုဇ၏မယား ယေဟန္နနှင့် ရှုရှန္နမှစ၍၊ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်​ကျွေးသော အခြားမိန်းမအများပါကြ၏။


မျိုးစေ့ကြဲခြင်း [B]

များစွာသော လူအပါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ၊ ဥပမာစကားဖြင့် မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကိုကြဲသည်တွင် အချို့သော အစေ့တို့သည် လမ်း၌ ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍၊ မိုးကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ အချို့သော အစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ၊ အစိုဓါတ် မရှိသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ အချို့သော အစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။ အချို့သော အစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍၊ အဆတရာပွါးများ၍ အသီးသီးကြ၏။ ဟုမိန့်တော်မူပြီးမှ၊ ကြားစရာနား ရှိသောသူမည်သည်ကား ကြားပါစေ၊ ဟုကြွေးကြော်တော်မူ၏။


ဥပမာ၏အနက်အဓိပ္ပါယ် [C]
CROSS REFERENCES





CROSS REFERENCES






တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပါယ်ကား၊ အဘယ်သို့နည်း၊ ဟုမေးလျှောက်ကြလျှင်၊ ၁၀ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင်၊ သူတို့အား ဥပမာဖြင့် ဟောရ၏။ [D] ၁၁ ထိုဥပမာ အနက်အဓိပ္ပါယ်ကား၊ မျိုးစေ့သည် ဘုရားသခင်၏ တရားစကားဖြစ်၏။ [E] ၁၂ လမ်း၌ ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည်လာ၍ တရားစကားကို နှလုံးထဲမှ နှုတ်ယူသောသူကို ဆိုလိုသတည်း။ ၁၃ ကျောက်ပေါ်၌ ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာ ယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ၊ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။ ၁၄ ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက်၍၊ အသီးမသီးသော သူကိုဆိုလိုသတည်း။ ၁၅ ကောင်းသောမြေ၌ ရှိသောသူကား၊ ​ဖြောင့်မတ် စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကို ကြားလျှင်၊ စွဲလမ်းသော အားဖြင့်မြဲမြံစွာ အသီးသီးသောသူကို ဆိုလိုသတည်း။


ဆီမီးထွန်းပြီးမဖုံး [F]

၁၆ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌ လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကို မြင်စေခြင်းငှါ၊ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ ၁၇ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။ ၁၈ ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


မယ်တော်နှင့်ညီတော်များကရှာ [G]

၁၉ ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍၊ စည်းဝေးသောသူ များသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲ နေကြ၏။ ၂၀ လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကို တွေ့လို၍၊ ပြင်မှာရပ်နေကြပါသည်၊ ဟုလျှောက်လျှင်၊ ၂၁ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ကြား၍၊ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


လေနှင့်လှိုင်းကိုငြိမ်းစေ [H]

၂၂ တနေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တဘက်သို့ ကူးကြကုန်အံ့၊ ဟုမိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။ ၂၃ အိုင်ကိုကူးသောအခါ၊ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌ မိုးသက်မုန်တိုင်းဖြစ်၍၊ လှေသည်ရေနှင့် ပြည့်သောကြောင့် ဘေးရောက်လု၏။ ၂၄ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏၊ ဟုလျှောက်ကြသော်၊ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့်လှိုင်းတံပိုးသည် ငြိမ်း၍ သာယာလေ၏။ ၂၅ ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်း၊ ဟုမေးတော်မူလျှင်၊ သူတို့သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ရေကိုပင် မှာထားတော်မူ၍၊ သူတို့သည် နားထောင်ပါသည်တကား၊ ဟုအချင်းချင်းပြောဆိုကြ၏။


သင်္ချိုင်းတစပြင်၌ နေသောနတ်ဆိုးစွဲသူ [I]

၂၆ ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊ ၂၇ ယေရှုသည် ကုန်းပေါ်သို့ တတ်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌ မနေ၊ သင်္ချိုင်းတစပြင်၌ နေတတ်သော ဂါဒရပြည်သား တယောက်သည်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။ ၂၈ ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အ​ကျွန်ုပ်နှင့် အဘယ်သို့ဆိုင်သနည်း။ အ​ကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း၊ အ​ကျွန်ုပ်တောင်းပန်ပါသည်။ ဟုကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။ ၂၉ လျှောက်သည် အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာ ဖမ်းဆီးလှပြီ။ ​ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း၊ ​ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့နှင် မြဲရှိကြောင်းကို ကိုယ်တော်သည် ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ ၊ ဟုမိန့်တော်မူခဲ့ပြီ။ ၃၀ ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်း၊ ဟုမေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အ​ကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ် ပါသည်၊ ဟုလျှောက်ပြီးမှ၊ ၃၁ အနက်ဆုံးသောအရပ်သို့ သွားစေခြင်းငှါ၊ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ ၃၂ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါ၊ ဟုနတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။ ၃၃ နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍၊ အသက်ဆုံးကြ၏။ ၃၄ ၀က်ကျောင်းသောသူတို့သည်၊ ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောကြသော်၊ ၃၅ လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး ထွက်သွားသောသူသည် အဝတ်ကိုဝတ်၍၊ ပကတိစိတ်နှင့် ယေရှု၏​ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၃၆ နတ်ဆိုး စွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာ ပကတိရှိသည်ကို သိမြင်သောသူတို့သည်၊ နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊ ၃၇ ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သော စိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော် မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ် တော်သည် လှေထဲသို့ဝင်၍ ပြန်တော်မူ၏။ ၃၈ နတ်ဆိုး ထွက်သွားသောသူသည်၊ ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်းတောင်း ပန်လျှင်၊ ၃၉ ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည်သင်၌ အဘယ်မျှလောက်ကျေးဇူး ပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ တမြို့လုံးတွင်အနှံ့အပြား သိတင်းကြားပြောလေ၏။


ယာဣရုသမီး [J]

၄၀ ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည်၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြသောကြောင့်၊ ဝမ်းမြောက်စွာ လက်ခံကြ၏။ ၄၁ ထိုအခါယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ၍၊ ယေရှု၏​ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ ၄၂ တဆယ်နှစ်နှစ် အရွယ်ရှိသောမိမိ၌ တယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိအိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကို တောင်းပန်၍၊ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။


တဆယ်နှစ်နှစ် သွေးသွန်အမျိုးသမီး [K]
CROSS REFERENCES






၄၃ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော် လည်း၊ အဘယ်ဆေးသမားလက်၌ မျှ ချမ်းသာမရနိုင်သော မိန်းမတယောက်သည်၊ ၄၄ နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွါးကိုတို့သဖြင့်၊ ထိုအခဏခြင်းတွင် သွေးသွန် အနာပျောက်လေ၏။ ၄၅ ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်း၊ ဟုမေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍သူ၏အပေါင်းအဖေါ်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည် ဖြစ်၍၊ ငါ့ကို အဘယ်သူတို့သနည်း၊ ဟုမေးတော်မူပါသည်တကား၊ ဟုလျှောက်လေ၏။ ၄၆ ယေရှုကလည်း၊ တစုံတယောက်သောသူသည်၊ ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှ တန်ခိုးထွက်သည် ကိုငါသိ၏။ ဟုမိန့်တော်မူ၏။ ၄၇ ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင်၊ တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့် တို့သည်ကို၎င်း၊ ချက်ချင်း ချမ်းသာရသည်ကို၎င်း၊ လူအပေါင်းတို့ရှေ့မှာပြပ်ဝပ်လျက်၊ ကြားလျှောက်လေ၏။ ၄၈ ကိုယ်တော်ကလည်းငါ့သမီး၊ မစိုးရိမ်နှင့်။ [L] သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့၊ ဟုမိန့်တော်မူ၏။


ယာဣရုသမီးပြန်ရှင်

၄၉ ထိုမိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ၊ ဆရာကိုမနှောင့်ရှက်ပါနှင့်၊ ဟုဆို၏။ ၅၀ ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်း စိတ်တခုသာရှိစေလော့။ ထိုသို့ရှိလျှင် သူသည်ဘေးနှင့် လွတ်လိမ့်မည်၊ ဟုတရားစရပ်မှူးအား မိန့်တော်မူ၏။ ၅၁ အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့်မိန်းမငယ်၏ မိဘမှတပါး၊ အဘယ်သူကိုမျှ အထဲသို့ မဝင်စေခြင်းငှါ ဆီးတားတော်မူ၏။ ၅၂ လူအပေါင်းတို့သည်၊ ငိုကြွေး မြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်၊ ဟုမိန့်တော်မူလျှင်၊ ၅၃ သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့်၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။ ၅၄ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ၊ သူငယ်၏ လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့၊ ဟုခေါ်တော်မူသည်တွင်၊ ၅၅ စိတ်ဝိညာဉ်ပြန်လာ၍၊ [M]မိန်းမငယ်သည် ချက်ချင်းထလေ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ထိုအမှု အရာကို အဘယ်သူအားမျှ မပြောရမည်အကြောင်း၊ ပညတ်တော်မူ၏။

_________________________
Footnotes


(a)

"နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား" သည် "ကျေးဇူးတော်နှင့် ယှဉ်သောဧဝံဂေလိတရား"နှင့်မတူချေ။ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည်၊ ခရစ်တော်အသေခံ၍ရှင် ပြန်ထမြောက်ပြီးမှ ဟောပြောသောတရားဖြစ်၍၊ လောကမှာတည် ထောင်မည့် နိုင်ငံတော်မဟုတ်ဘဲ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်မည့်အရာဖြစ်သည်။ ထိုတရား၌ ဒုတိယမွေးဖွားရမည်ဟူသောအရာသည် အဓိကဖြစ်သည်။ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည်၊ လောက၌ ခရစ်တော် အုပ်စိုးမည့်အရာဖြစ်၍၊ နောင်တရခြင်းသည် အဓိကတရားဖြစ်သည်။ ထိုတရားကို ဗတ္တိဇံဆရာယောဟန်က စတင်ဟော၍၊ ခရစ်တော်နှင့် တပည့်တော်များက ဆက်ဟောခဲ့သည်။ ယခုအသင်းတော်ခေတ်၌ ထိုတရားကိုမဟောတော့ပါ။ နိုင်ငံတော်တရားကို ဘေးဒဏ်ကြီးကာလ၌ (မဿဲ ၂၄း၁၄) ပြန်ဟောကြမှာ ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.