-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၃


ဗတ္တိဇံယောဟန်စတင်အမှုဆောင်

ကဲသာဘုရင် တိဗေရိ နန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဖွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိ လိပ္ပုသည်စော်ဖွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စော်ဖွားအရာ၊ အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးသီးရှိကြသောအခါ၊ တော၌ ရှိသောဇာခရိ၏ သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကိုခံရ၏။ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ လာသည်ကား၊ တော၌ ဟစ်ကြော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို​ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို၊ မြင်ရကြလတံ့၊ ဟုလာသည်နှင့်အညီ၊ [A] ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံအပြားလှည့်လည်၍၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။



မြွေဆိုးအမျိုးတို့

ထိုအခါ ဗတ္တိဇံကိုခံအံ့သောငှါ လာကြသောလူ အစုအဝေးတို့အား၊ ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ [B]ရောက်လုသော ဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍၊ စိတ်ထဲ၌ မအောက် မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို၊ ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်၊ ဟုငါအမှန်ဆို၏။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသော အသီးမသီးသော အပင်ရှိသမျှတို့ကို၊ ခုတ်လှဲ၍ မီးထဲသို့ချလိုက်ရသည်၊ ဟုဟောပြောလေ၏။


လူများကျင့်ရမည့်အရာ

၁၀ လူအစုအဝေးကလည်း သို့ဖြစ်လျှင်၊ အ​ကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြသော်၊ ၁၁ ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ၊ ဟုပြန်ပြော၏။ ၁၂ အခွန်ခံသူတို့သည် ဗတ္တိဇံကိုခံခြင်းငှါ လာ၍၊ ဆရာ၊(a) အ​ကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ ၁၃ သင်တို့သခင်သည် ခွဲဝေစီမံသည်ထက် သာ၍မခွဲမခံကြနှင့်၊ ဟုပြန်ပြော၏။ ၁၄ စစ်သူရဲတို့ကလည်း အ​ကျွန်ုပ်တို့သည်၊ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ၊ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့၊ ဟုပြန်ပြော၏။


ယောဟန်ကသူသည် ခရစ်တော်မဟုတ်ပြော

၁၅ လူများတို့သည် မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည် မမှန်သည်ကို၊ နှလုံးထဲမှာ တွေးတောဆင်ခြင်ကြစဉ်၊ ၁၆ ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင်တို့အားရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌၎င်း၊ မီး၌၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ ၁၇ လက်တော်တွင် စံကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကားကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတံ့၊ ဟုပြောဆို၏။ ၁၈ အခြားသော စကားများနှင့် ဆုံးမသွေးဆောင်၍၊ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။ ၁၉ ထိုနောက် စော်ဖွားဟေရုဒ်သည်၊ မိမိညီ၏ ခင်ပွန်းဟေရောဒိ အကြောင်းမှစ၍၊ မိမိပြုသော ဒုစရိုက်အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဖေါ်ပြဆုံးမသောကြောင့်၊ ၂၀ ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့ အပေါ်မှာ၊ အပြစ်သစ်ကို ထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။


ယေရှုဗတ္တိဇံခံ [C]
CROSS REFERENCES






၂၁ လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ၂၂ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း၊ [D] ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။


ယေရှု၏ဆွေတော်စဉ်မျိုးစဉ်ဆက်


၂၃ ထိုအခါယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊ ၂၄ ဧလိအဘမဿတ်၊ မဿတ်အဘလေဝိ။ လေဝိအဘမေလခိ၊ မေလခိအဘယန္န၊ ယန္နအဘယောသပ်၊ ၂၅ ယောသပ်အဘမတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊ ၂၆ ဧသလိအဘ နဂ္ဂဲ။ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘ ယောဟန္န၊ ၂၇ ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရုဗဗေလ၊ ဇေရုဗ​ဗေလအဘ ရှာလသေလ၊ ရှာလသေလအဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊ ၂၈ အဒ္ဒိအဘ ကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊ ၂၉ ဧရအဘ ယောသေ၊ ယောသေအဘ ဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘ မဿတ်၊ မဿတ်မဘ လေဝိ၊ ၃၀ လေဝိအဘ ရှိမောင်၊ ရှိမောင်အဘ ယုဒ၊ ယုဒအဘ ယောသပ်၊ ယောသပ်အဘ ယောနန်၊ ယောနန်အဘ ဧလျာကိမ်၊ ဧလျာကိမ်အဘ မေလေ၊ ၃၁ မေလေအဘ မဲနန်၊ မဲနန်အဘ မတ္တသ၊ မတ္တသအဘ နာသန်၊ နာသန်အဘ ဒါဝိဒ်၊ ၃၂ ဒါဝိဒ်အဘ ယေရှဲ၊ ယေရှဲအဘ ဩဗက်၊ ဩဗက်အဘ ဗောဇ၊ ဗောဇအဘ စာလမုန်၊ စာလမုန်အဘ နာရှုန်၊ ၃၃ နာရှုန်အဘ အမိနဒပ်၊ အမိနဒပ်အဘ အာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘ ဖာရက်၊ ဖာရက်အဘ ယုဒ၊ ၃၄ ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘ အာဗြဟံ၊ အာဗြဟံအဘ တေရ၊ တေရအဘ နာခေါ်၊ ၃၅ နာခေါ်အဘ စေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘ ဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊ ၃၆ ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘ နောဧ၊ နောဧအဘ လာမက်၊ ၃၇ လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘ ယာရက်၊ ယာရက်အဘ မဟာလေလေလ၊ မဟာလေလေလအဘ ကာဣနန်၊ ကာဣနန်အဘ ဧနုတ်၊ ဧနုတ်အဘ ရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘ ဘုရားသခင်ပေတည်း။

_________________________
Footnotes


၁၂ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.