ရှင်လုကာခရစ်ဝင်
အခန်းကြီး ၂၀
ယေရှုသည်အဘယ်အခွင့်နှင့်ပြုသည်ကိုမေးကြ
၁ တနေ့သ၌ ကိုယ်တော်သည်ဗိမာန်တော်တွင်လူများကိုဆုံးမဩဝါဒပေး၍၊ ဧဝံဂေလိတရားကိုဟောတော်မူစဉ်၊ ယဇ်ပုရော ဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည်လာ၍၊ ၂ ကိုယ်တော်သည်ဤအမှုများကိုအဘယ်အခွင့်နှင့်ပြုသည်ကို၎င်း၊ ထိုအခွင့်ကိုအဘယ်သူပေးသည်ကို၎င်း၊ အကျွန်ုပ်တို့အားပြောပါဟုဆိုကြသော်၊ ၃ ကိုယ်တော်က၊ ငါသည်တစုံတခုကိုမေးဦးမည်၊ သင်တို့ဖြေကြလော့။ ၄ ယောဟန်၏ဗတ္တိဇံတရားသည်ဘုရားကဖြစ်သလော၊ လူကဖြစ်သလောဟုမေးတော်မူ၏။ ၅ ထိုသူတို့သည်အချင်းချင်းဆင်ခြင်၍၊ ဘုရားကဖြစ်သည်ဟုငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန်ကိုအဘယ် ကြောင့်မယုံသနည်းဟုသူမေးလေဦးမည်။ လူကဖြစ်သည်ဟုငါတို့ဖြေလျှင်၊ ၆ ယောဟန်သည်ပရောဖက်ဖြစ်သည်ကိုလူ အပေါင်းတို့သည်ယုံသဖြင့်ငါတို့ကိုကျောက်ခဲနှင့်ပစ်ကြလိမ့်မည်၊ ဟုအချင်းချင်းဆင်ခြင်ပြီးမှ၊ ၇ အဘယ်ကဖြစ်သည်ကိုအကျွန်ုပ်တို့မသိပါ၊ ဟုပြန်ပြောကြ၏။ ၈ ယေရှုကလည်း၊ ထိုအတူဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကို၊ ငါမပြောဟုမိန့်တော်မူ၏။
စပျစ်ဥယျာဉ်ပိုင်ရှင်နှင့်ဥယျာဉ်စောင့်များ
၉ ထိုအခါပရိသတ်တို့အားမိန့်တော်မူသောဥပမာကား၊ လူတဦးသည်စပျစ်ဥယျာဉ်ကိုစိုက်ပြီးမှလုပ်ဆောင်သောသူတို့အားဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့ကြာမြင့်စွာသွားနေ၏။ ၁၀ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည်၊ စပျစ်သီးအချို့ကိုပေးစေခြင်းငှါ၊ ဥယျာဉ်ရှင်သည်ငယ်သားကိုစေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည်ငယ်သားကိုရိုက်၍လက် ချည်းလွှတ်လိုက်ကြ၏။ ၁၁ နောက်တဖန်အခြားသောငယ်သားကိုစေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည်သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှလက်ချည်းလွှတ်လိုက်ကြ၏။ ၁၂ နောက်တဖန်အခြားသောငယ်သားကိုစေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင်နာကျင်စွာရိုက်၍နှင်ထုတ်ကြ၏။ ၁၃ ထိုအခါဥယျာဉ်ရှင်က၊ ငါသည်အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကိုငါ စေလွှတ်မည်။ ထိုသူတို့သည်ငါ့သားကိုမြင်လျှင်အားနာကောင်းအားနာကြလိမ့်မည်ဟုဆို၏။ ၁၄ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည်အမွေခံဖြစ်၏၊ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့၊ ထိုသို့သူ၏အမွေဥစ္စာကိုငါတို့ရကြလိမ့်မည်၊ ဟုအချင်းချင်းတိုင်ပင်ပြီးမှ၊ ၁၅ ဥယျာဉ်ရှင်၏သားကိုဥယျာဉ်ပြင်သို့ထုတ်၍သတ်ပစ်ကြ၏။ သို့ဖြစ်လျှင်ဥယျာဉ်ရှင်သည် ဥယျာဉ်စောင့်တို့ကိုအဘယ်သို့ပြုမည်နည်း။ ၁၆ ဥယျာဉ်ရှင်သည်လာ၍ထိုသူတို့ကိုသုတ်သင်ပယ်ရှင်းပြီးမှ၊ ထိုဥယျာဉ်ကို အခြားသောသူတို့အားပေးလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ပရိသတ်တို့သည်ကြားလျှင်ထိုသို့မဖြစ်ပါစေနှင့်ဟုလျှောက်ကြသော်၊
ပယ်ထားသောကျောက်
၁၇ ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည်၊ နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏၊ [A] ဟူသောကျမ်းစာချက်သည် အဘယ်သို့ဆိုလိုသနည်း။ ၁၈ အကြင်သူသည်ထိုကျောက်ပေါ်သို့ကျ၏။ ထိုသူသည်ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည်ကျ၏။ ထိုသူသည်ညက်ညက်ကြေလတံ့၊ ဟုမိန့်တော်မူ၏။ ၁၉ ထိုအခါယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကိုဖမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း၊ လူအများကိုကြောက်၍ နေရကြ၏။
ကဲသာဘုရင်ကိုအခွန်ဆက်သင့်သလော
၂၀ ထိုအခါဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက် စကားတော်၌ အပြစ်ကိုရှာ၍၊ မြို့ဝန်မင်းလက်သို့ အပ်နှံသော အခွင့်ကိုရခြင်းငှါ၊ သူတော်ကောင်း ဖြစ်ယောင်ဆောင်သောသူလျှို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။
၂၁ ထိုသူလျှိုတို့က၊ ဆရာ၊
(a) ကိုယ်တော်သည် လူမျက်နှာကိုမထောက်ဘဲ ဖြောင့်မတ်စွာဆုံးမဩဝါဒပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။
၂၂ အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလော၊ ဟုမေးလျှောက်ကြ၏။
၂၃ ကိုယ်တော်သည် ထိုသူတို့၏ပရိယယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည်ငါ့ကို အဘယ်ကြောင့်စုံစမ်း နှောင့်ရှက်ကြသနည်း။
၂၄ ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ပါသနည်း၊ ဟုမေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာပါပါသည်၊ ဟုလျှောက်ကြသော်၊
၂၅ ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အားဆက်ပေးကြလော့၊ ဟုမိန့်တော်မူ၏။
၂၆ ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့်၊ ပြန်ပြောတော်မူသောစကားကို အံ့ဩ၍၊ တိတ်ဆိတ်စွာနေကြ၏။
နောင်ဘ၀၌ ထိမ်းမြားခြင်းမရှိ
၂၇ ထမြောက်ရှင်ပြန်ခြင်းမရှိ၊ ဟုငြင်းခုံတတ်သောဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊
၂၈ ဆရာ၊
(a) မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုးမပြတ်ဆက်နွယ်စေ၊ ဟုအကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။
၂၉ ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
၃၀ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။
၃၁ ထိုအတူ၊ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည်၊ ထိုမိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေဘဲသေကြ၏။
၃၂ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။
၃၃ သို့ဖြစ်၍ထမြောက်ရာကာလ၌၊ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့်စုံဘက်ကြပြီ၊ ဟုလျှောက်ကြ၏။
၃၄ ယေရှုကလည်း၊ ယခုဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်မြားပေးစားခြင်းကိုပြုတတ်ကြ၏။
၃၅ နောင်ဘဝကို၎င်း၊ သေခြင်းမှထမြောက်ခြင်းကို၎င်း၊ ရထိုက်သည်၊ ဟုမှတ်တော်မူခြင်းကို ခံရသောသူတို့သည်စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။
၃၆ သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏ သားဖြစ်သောကြောင့်၊ ဘုရားသခင်၏သားဖြစ်ကြ၏။
၃၇ ထိုမှတပါး၊ မောရှေသည်ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား၊
[B] ဟုချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကိုဖေါ်ပြခဲ့ပြီ။
၃၈ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သော သူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည်ဘုရားသခင်၌ အသက်ရှင်ကြသည် ၊ ဟုမိန့်တော်မူ၏။
၃၉ ကျမ်းပြုဆရာအချို့တို့က၊ ဆရာ၊
(a) ကိုယ်တော်၏စကားသည်လျောက်ပတ်ပါ၏၊ ဟုလျှောက်ကြ၏။
၄၀ နောက်တဖန်အလျှင်းမမေးမလျှောက်ဝံ့ကြ။
ခရစ်တော်သည်ဒါဝိဒ်၏သား
၄၁ ယေရှုကလည်း၊ ခရစ်တော်သည်ဒါဝိဒ်၏သားဖြစ်သည်၊ ဟုအဘယ်ကြောင့်ဆိုကြသနည်း။ ၄၂ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့၊ ဟု၄၃ ငါ့သခင်အားမိန့်တော်မူသည်၊ ဟုဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။ ၄၄ ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့သူ၏ သားဖြစ်သနည်း၊ ဟုမေးတော်မူ၏။
ကျမ်းပြုဆရာတို့ကိုရှောင်ကြ
၄၅ ပရိသတ်များနားထောင်စဉ်တွင်တပည့်တော်တို့အားတဖန်မိန့်တော်မူသည်ကား၊ ၄၆ ကျမ်းပြုဆရာတို့ကိုရှောင်ကြလော့။ သူတို့သည်ရှည်သောအင်္ကျီကိုဝတ်လျက်လည်ခြင်းငှါအလိုရှိကြ၏။ စျေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ ပွဲသဘင်၊ တ ရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း၊ နှစ်သက်ကြ၏။ ၄၇ သူတို့သည်မုဆိုးမအိမ်ကိုလုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ၊ ရှည်စွာသောပဌနာစကားကိုရွတ်တတ်ကြ၏။ ထိုသူတို့သည်သာ၍ကြီးစွာသောဒဏ်ကို၊ ခံရကြလတံ့ဟုမိန့်တော်မူ၏။
_________________________
Footnotes
၂၁ ၂၈ နှင့် ၃၉ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။