ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၇
ခုနစ်ကြိမ်အပြစ်လွှတ်ပါ
၁ တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအ ကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ ၂ ဤသူငယ် တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍၊ ပင်လယ်၌ ချခြင်းကိုခံရလျှင်၊ အနေသာ၍ ကောင်း၏။ ၃ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကို လွှတ်လော့။ ၄ တနေ့ခြင်းတွင် ခုနစ်ကြိမ် မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့လှည့်၍ နောင်တရပါ၏၊ ဟုဆိုလျှင်၊ သူ၏ အပြစ်ကို လွှတ်လော့။ ဟုမိန့်တော်မူ၏။
မုန်ညင်းစေ့လောက်ယုံကြည်ခြင်း
၅ တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ။ ဟုသခင်ဘုရားကို တောင်းပန်ကြလျှင်၊ ၆ သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုသဖန်းပင်ကို အချင်းအပင်သင်သည် အမြစ်နှင့်တကွ နှုတ်၍၊ ပင်လယ်၌ စိုက်လျက်နေလော့၊ ဟုဆိုကြသော်၊ သင်တို့စကားကို နားထောင်လိမ့်မည်။
အစေအပါ၏တာဝန်
၇ အစေအပါသည် လယ်ထွန်သော်၎င်း၊ သိုး၊ နွားကျောင်းသော်၎င်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့။ ဟုသင်တို့တွင်၊ အဘယ်သူပြောမည်နည်း။ ၈ ထိုအစေအပါကို၊ ငါစားစရာဘို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကိုလုပ်ကြွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်၊ ဟုပြောမည် မဟုတ်လော။ ၉ ထိုအစေအပါသည် သခင် စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော၊ ကျေးဇူးမတင်။ ၁၀ ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည်ကျင့်ပြီးမှ၊ ငါတို့သည်သခင်၌ ကျေးဇူးပြုသော အစေအပါဖြစ်သည် မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်၊ ဟုဝန်ခံကြလော့၊ ဟုမိန့်တော်မူ၏။
နူနာဆယ်ယောက်သန့်ရှင်းစေ
၁၁ ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌၊ လျှောက်သွားတော်မူ၏။ ၁၂ ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူ တကျိပ်တို့သည် ခရီးဦးကြိုပြု၍၊ အဝေးကရပ်လျက်၊ ၁၃ သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ။ ဟုဟစ်ကြော်ကြ၏။ ၁၄ ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့ သွား၍၊ ကိုယ်ကိုပြ ကြလော့။ ဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။ ၁၅ ထိုသူတို့တွင် တယောက်သောသူသည်၊ အနာရောဂါ ကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ၁၆ ခြေတော်ရင်း၌ ပြပ်ဝပ်၍၊ ကျေးဇူးတော် ကြီးလှပါသည်။ ဟုဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ်သတည်း။ ၁၇ ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သော သူတို့သည်၊ အဘယ်မှာ ရှိကြသနည်း။ ၁၈ ဤတပါးအမျိုးသား ကိုထား၍၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ ပြန် လာသောသူ တယောက်မျှ မရှိသလော။ ဟုမေးတော်မူပြီးမှ၊ ၁၉ သင်ထ၍သွားလော့၊ သင်၏ယုံကြည်ခြင်းသည်၊ သင်၏ အနာကိုငြိမ်းစေပြီ၊ ဟုထိုသူအားမိန့်တော်မူ၏။
ဘုရားသခင်၏နိုင်ငံတော်
၂၀ ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်း။ ဟုမေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည်၊ မျက်မြင်သောအရာ၌ မတည်။ ၂၁ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါ၊ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည်၊ သင်တို့၏ အထဲ၌ ရှိသည်။ ဟုမိန့်တော်မူ၏။ ၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏ နေ့ရက်တရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလရောက်လိမ့်မည်။ ၂၃ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါ၊ ဟုသင်တို့အား ပြောဆိုသော်လည်း၊ မလိုက်မသွားကြနှင့်။ ၂၄ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည်၊ ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ၂၅ ထိုသို့မဖြစ်မှီသူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း၊ ခံရမည်။
နောဧလက်ထက်ကဲ့သို့
၂၆ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ ၂၇ နောဧသည် သင်္ဘောထဲသို့ ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့်၊ လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင်၊ လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက် နေကြ၏။ ၂၈ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည်၊ စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ ၂၉ လောတသည် သောဒုံမြို့မှ ထွက်သောနေ့၌၊ ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍၊ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း၊ ၃၀ လူသား ပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ ၃၁ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည်၊ မိမိအိမ်ထဲမှာ ရှိသောဥစ္စာကို ယူခြင်းငှါမဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။ ၃၂ လောတ၏ မယားကို အောက်မေ့ကြလော့။ ၃၃ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ ရှာကြံ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
တယောက်သိမ်းယူမည်တယောက်နေရစ်မည်
၃၄ ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ယာတခု၌ ရှိသောသူနှစ်ယောက်တို့တွင်၊ တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ ၃၅ ကြိတ်ဆုံကြိတ်သောသူ နှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍၊ တယောက်မူကား နေရစ်ရလတံ့။ ၃၆ လယ်၌ ရှိသောသူ နှစ်ယောက်တို့တွင်၊ တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ ဟုမိန့်တော်မူလျှင်၊ ၃၇ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်း၊ ဟုမေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလတံ့၊ ဟုမိန့်တော်မူ၏။