ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၆
မကောင်းသောဘဏ္ဍာစိုး
၁ တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူ တယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည်၊ သခင်ရှေ့၌ အပြစ်တင်ကြသော်၊ ၂ သခင်သည် ဘဏ္ဍာစိုးကိုခေါ်၍၊ သင်၏အမှုအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသောစာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရ၊ ဟုဆို၏။ ၃ ထိုအခါဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်။ သူတောင်းစားလုပ်ခြင်းငှါ ရှက်ကြောက်၏။ ၄ ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ၊ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊ ၅ သခင်၏ ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌ အဘယ်မျှလောက် ရှိသနည်း၊ ဟုတယောက်ကိုမေးလျှင်၊ ၆ ထိုသူက၊ ဆီအခွက် တထောင် ပေးရန်ရှိပါသည်၊ ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့၊ ဟုဆို၏။ ၇ ထိုနောက် အခြားသောသူကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌ အဘယ်မျှလောက် ရှိသနည်း၊ ဟုမေးလျှင်၊ ထိုသူက၊ ဂျုံစပါး အတင်းတထောင် ပေးရန်ရှိပါသည်၊ ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့၊ ဟုဆို၏။ ၈ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ ရောက်သောသူ တို့ထက်သာ၍ လိမ္မာကြ၏။ ၉ တဖန်ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ၊ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
သခင်နှစ်ဦးအစေမခံနိုင်
၁၀ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည်၊ ကြီးသောအမှု၌ လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သော အမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ လည်း သစ္စာမရှိ။ ၁၁ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ် မည်နည်း။ ၁၂ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။ ၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦး အစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း၊ မခံနိုင်ကြ၊ ဟုမိန့်တော်မူ၏။
ဘုရားအမြင်နှင့်လူ့အမြင်
၁၄ ငွေကိုတပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင် ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။ ၁၅ ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးကို သိမြင်တော်မူ၏။ [A]လူသဘောအားဖြင့် အမြတ်ထားသောအရာသည်၊ ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။ ၁၆ ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန် လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။ ၁၇ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတလုံး ပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့် မြေကြီးပျက်စီးလွယ်၏။ ၁၈ အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ်မှား၏။ လင်ကွာသော မိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း၊ သူ့မယားကို ပြစ်မှားသည်၊ ဟုမိန့်တော်မူ၏။
သူဌေးကြီးနှင့်လာဇရု
၁၉ တဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့် ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက်နေ၏။ ၂၀ လာဇရုအမည်ရှိသောသူ ဆင်းရဲတယောက်သည်၊ တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ ၂၁ သူဌေး၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေ။ ဟုတောင့်တသောစိတ်နှင့် သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကို လျက်ကြ၏။ ၂၂ တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင် [B] သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍၊ သင်္ဂြိုလ်ခြင်းကို ခံရလေ၏။ ၂၃ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကိုခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ ၂၄ အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါ၊ ဟုဟစ်ကြော်လေ၏။ ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာနေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကိုခံရ၏။ ၂၆ ထိုမှတပါး၊ ငါတို့နှင့်သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက် ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင်တို့ရှိရာသို့ ကူးချင်သောသူ မကူးနိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင်ဟုဆို၏။ ၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊ ၂၈ အကျွန်ုပ်၌ ညီငါးယောက် ရှိပါသည်ဖြစ်၍ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကိုအကျွန်ုပ်အဘ၏ အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏၊ ဟုပြောဆိုလျှင်၊ ၂၉ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက် တို့၏စကားကို နားထောင်ကြစေ၊ ဟုဆို၏။ ၃၀ သူဌေးကလည်း၊ မဟုတ်ပါအဘ အာဗြဟံ၊ သေသော လူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်၊ ဟုဆိုသော်၊ ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြ၊ ဟုအာဗြဟံဆိုသည်၊ ဟုမိန့်တော်မူ၏။