-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၃


နောင်တမရလျှင်ပျက်စီးမည်

ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို၊ မိမိတို့ ပူဇော်သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူ အပေါင်းတို့ထက် သာ၍အပြစ်ရှိသည်။ ဟုထင်ကြသလော။ သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ဟုငါဆို၏။ ထိုမှတပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည်၊ ယေရုရှလင် မြို့သားအပေါင်းတို့ထက် သာ၍၊ အပြစ်ရှိသည်၊ ဟုထင်ကြသလော။ သာ၍အပြစ်ရှိသည် မဟုတ်။ သင်တို့ရှိသမျှသည်လည်း၊ နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်၊ ဟုမိန့်တော်မူ၏။

CROSS REFERENCES






အသီးမသီးသောသဖန်းပင် [A]

တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌ စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကို ရှာသော်လည်းမတွေ့။ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍၊ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောက်ယှက်ရသနည်း၊ ဟုအမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။ အ​ကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍၊ နောက်ချေးကို ဖို့ပါမည်။ အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါ၊ ဟုလျှောက်လေသည်၊ ဟုမိန့်တော်မူ၏။


တဆယ်ရှစ်နှစ်နတ်စွဲသူဥပုသ်နေ့၌ ကျန်းမာစေ
CROSS REFERENCES






၁၀ တနေ့သော ဥပုသ်နေ့၌ [B]ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒ ပေးတော်မူသောအခါ၊ ၁၁ တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍၊ ရောဂါ နှိပ်စက်ခြင်းကိုခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍၊ ကိုယ်ကို အလျှင်းမဆန့်နိုင်။ ၁၂ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့်လွတ်၏၊ ဟုမိန့်တော်မူလျက်၊ ၁၃ သူ့အပေါ်မှာ လက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ချင်း တည့်မတ်ခြင်းသို့ရောက်၍၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ၁၄ ထိုသို့ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့်၊ တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်​ခြောက်ရက်ရှိ၏၊ ထိုနေ့ရက်တွင်လာ၍ အနာရောဂါ ငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်။ ဟုပရိသတ်တို့အားဆို၏။ ၁၅ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှလွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။ ၁၆ တဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို၊ ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလော။ ဟုမိန့်တော်မူ၏။ ၁၇ ထိုသို့မိန့်တော်မူပြီးမှ ရန်ဘက်နေသောသူ အပေါင်းတို့သည်၊ ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသော အံ့ဩဘွယ်အမှုများတို့ကို လူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။


ကောင်းကင်နိုင်ငံတော်မုန်ညင်းစေ့၊တဆေးနှင့်နှိုင်း

၁၈ တဖန်မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့်တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။ ၁၉ လူသည်ယူ၍ ဥယျာဉ်၌ စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုးကောင်း ကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌၊ နားနေမှီခိုကြသည်၊ ဟုမိန့်တော်မူ၏။ ၂၀ တဖန်မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ ၂၁ မိန်းမသည် တဆေးကိုယူ၍၊ မုန့်ညက်သုံးတင်း၌ ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သော တဆေးနှင့်တူသည်။ ဟုမိန့်တော်မူ၏။


ကျဉ်းသောတံခါးကိုဝင်ကြလော့

၂၂ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏၊ ၂၃ လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလော၊ ဟုမေးလျှောက်လျှင်၊ ၂၄ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြ၊ ဟုငါဆို၏။


မတရားသောအမှုပြုသူတို့ ငါ့ထံမှဖယ်ကြ

၂၅ အိမ်ရှင်သည် တခါထ၍ တံခါးကိုပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့အား ဖွင့်ပါ၊ ဟုတောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ၊ ဟုပြန်ပြောလိမ့်မည်။ ၂၆ ထိုအခါ သင်တို့ကလည်း၊ အ​ကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အ​ကျွန်ုပ်တို့နေသော မြို့ရွာ၌ ၊ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီ၊ ဟုလျှောက်ပြန်သော်လည်း၊ ၂၇ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ၊ ဟုငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ၊ ဟုပြောလိမ့်မည်။ ၂၈ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည်၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ဝင်၍၊ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်းကို ခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။ ၂၉ ထိုအခါ အရှေ့နောက် တောင်မြောက် အရပ်လေးမျက်နှာက လာ၍၊ ဘုရားသခင် ၏နိုင်ငံထဲတွင် လျောင်းရကြလတံ့။ ၃၀ နောက်ကျသော သူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူအချို့တို့သည် နောက်ကျကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


အိုယေရုရှလင်မြို့
CROSS REFERENCES






၃၁ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကို သတ်မည်အကြံ ရှိပါသည်၊ ဟုလျှောက်ကြလျှင်၊ ကိုယ်တော်က သင်တို့သွားကြလော့။ ၃၂ ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကို နှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို၊ ထိုမြေခွေးအား ပြောကြလော့။ ၃၃ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား ယေရုရှလင်မြို့ မှတပါး အခြားသောအရပ်၌ ၊ အဘယ်ပရောဖက်မျှ မဆုံးရာ။ ၃၄ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ [C] သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း၊ ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့၊ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကားအလိုမရှိ။ ၃၅ သင်တို့နေသောအိမ်သည်၊ သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည်၊ မင်္ဂလာရှိစေသော၊ ဟုသင်တို့မပြောမှီတိုင် အောင်၊ ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြ၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.