-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၂


ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့
CROSS REFERENCES






ထိုအခါ အတိုင်းမသိ များစွာသောလူတို့သည် စုဝေး၍၊ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို၊ ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။ မှောင်မိုက်၌ သင်တို့ ပြောသမျှသောအရာများကို သူတပါးတို့သည်၊ အလင်း၌ နားကြားကြလိမ့်မည်။ သင်တို့သည် အခန်းထဲမှာ နားအပါး၌ ပြောသော အရာများကို၊ အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။ ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကို သတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။ အဘယ်သူကို ကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓာကို သတ်ပြီးမှ ငရဲ [A]ထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။


လူရှေ့၌ ယေရှုကိုဝန်ခံသူ
CROSS REFERENCES






ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည်၊ ထိုသူကိုဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ ထိုသူကို၊ ငါငြင်းပယ်မည်။ ၁၀ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ မည်သည်ကား၊ အပြစ်နှင့် လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့် လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။ ၁၁ သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူးမင်းများ ရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို၊ မစိုးရိမ်ကြနှင့်။ [B] ၁၂ အကြောင်း မူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသော ဝိညာဉ်တော်သည်၊ အကြံပေးမည်၊ ဟုမိန့်တော်မူ၏။


စည်းစိမ်၌ အသက်မတည်

၁၃ လူအစုအဝေး၌ ပါသော သူတယောက်က၊ ဆရာ၊(a) အ​ကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အ​ကျွန်ုပ်အား ဝေပေးပါမည် အကြောင်း၊ အမိန့်ရှိတော်မူပါ၊ ဟုလျှောက်လျှင်၊ ၁၄ ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သော အခွင့်ကို၊ ငါ့အားပေးအပ်သနည်း၊ ဟုမေးတော်မူ၏။ ၁၅ ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်၊ ဟုမိန့်တော်မူ၏။


အသီးအနှံသိုသောသူဌေး

၁၆ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။ ၁၇ ထိုသူဌေးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။ ၁၈ ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံ ဥစ္စာရှိသမျှတို့ကို သိုထားမည်။ ၁၉ ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါပြောမည်၊ ဟုသူဌေးအကြံရှိ၏။ ၂၀ ထိုသို့အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို၊ အဘယ်သူ ပိုင်မည်နည်း၊ ဟုသူဌေးအား မိန့်တော်မူ၏။ [C] ၂၁ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကို ဆည်းဖူး၍၊ ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည်၊ ဟုမိန့်တော်မူ၏။


အစာအတွက်မစိုးရိမ်နှင့်
CROSS REFERENCES






၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍၊ အသက်အဘို့ မစိုးရိမ်ကြနှင့်။ [B] အဘယ်သို့ ဝတ်ရမည်ဟူ၍၊ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်၊ ဟုငါဆို၏။ ၂၃ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။ ၂၄ ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက် မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ၊ သို့သော်လည်း ဘုရားသခင်သည်၊ သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည်၊ အလွန်မြတ်သည် မဟုတ်လော။ ၂၅ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့်၊ မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ ၂၆ ထိုသို့ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင်၊ ကြွင်းသောအမှုကို အဘယ်ကြောင့် စိုးရိမ်ကြသနည်း။


အဝတ်အတွက်မစိုးရိမ်နှင့်

၂၇ နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို၊ ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီးအဝတ်သည်၊ ထိုအပင်တပင်မျှ၏ အဝတ်ကိုမမှီ၊ ဟုငါဆို၏။ ၂၈ ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက်ရှင်လျက်၊ နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို၊ ဘုရားသခင်သည် ထိုသို့သော အဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။ ၂၉ ထိုကြောင့် အဘယ်သို့ စားရအံ့နည်း၊ အဘယ်သို့ သောက်ရ အံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောက မွှေနှောက်ခြင်းလည်း မရှိကြနှင့်။ ၃၀ ထိုအရာများကို လောကီသား အမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ ၃၁ သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကိုရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။


ကောင်းကင်၌ ဘဏ္ဍာကိုဆည်းဖူးကြ

၃၂ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှါ အလိုရှိတော်မူ၏။ ၃၃ သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကို ဆည်းဖူးကြလော့။ ၃၄ အ ကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့စိတ်နှလုံး ရောက်တတ်၏။


သခင်လာမည့်အချိန်ကို စောင့်နေကြလော့

၃၅ သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီးမီးထွန်းလျက် နေသဖြင့်၊ ၃၆ သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍၊ တံခါးကို ခေါက်သောအခါ၊ ချက်ချင်းဖွင့်ခြင်းငှါ သခင်လာမည်ကို မြော်လင့်၍နေသော​ ကျွန်ကဲ့သို့၊ ရှိနေကြလော့။ ၃၇ အကြင်​ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည် ပြန်လာ၍တွေ့၏၊ ထို​ကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကိုစားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အားလုပ်​ကျွေးလိမ့်မည်။ ၃၈ နှစ်ချက်တီးအချိန် ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထို​ကျွန်တို့သည် မင်္ဂလာရှိကြ၏။ ၃၉ အိမ်ရှင်သည် သူခိုးလာမည် အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ၄၀ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်၌ ၊ လူသားသည် ကြွလာလိမ့်မည်၊ ဟုမိန့်တော်မူ၏။


မင်္ဂလာရှိသော ကျွန်ဖြစ်ပါ

၄၁ ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အ​ကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလော၊ ဟုမေးလျှောက်လျှင်၊ ၄၂ သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင်၊ အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ၊ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း၊ ပြည့်စုံသော​ကျွန်ကား အဘယ်သူနည်း။ ၄၃ အကြင်​ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထို​ကျွန်သည် မင်္ဂလာရှိ၏။ ၄၄ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို၊ ထို​ကျွန်၌ အပ်လိမ့်မည်။ ၄၅ သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင် လာခဲလိမ့်မည်၊ ဟုစိတ်ထဲ၌ အောက်မေ့သည်နှင့်၊ ​ကျွန်ချင်း ယောကျ်ားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက် ယစ်မူးလျက်နေ၏။ ၄၆ ထို​ကျွန်မ ကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထို​ကျွန်ကိုပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့။ ၄၇ အကြင်​ကျွန်သည် မိမိသခင်၏အလိုကို သိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထို​ကျွန်သည် များစွာသောဒဏ်ကို ခံရ၏။ ၄၈ သခင်၏အလိုကို မလိုက်ဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူကား၊ အနည်းငယ်သော ဒဏ်ကိုသာခံရ၏။ အကြင်သူသည် များစွာသော ကျေးဇူးကိုခံ၏၊ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသော ဥစ္စာကိုအပ်နှင်း၏၊ ထိုသူကို များစွာတောင်းလိမ့်မည်။


ငြိမ်သက်ခြင်းပေးရန်မလာ

၄၉ မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံတခုကိုလည်း ငါခံစရာရှိ၏။ ၅၀ ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည်အလွန် ငြီးငွေ့သောစိတ်ရှိ၏။ ၅၁ မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်၊ ဟုထင်ကြသလော။ ထိုသို့သောအလိုငှါ ငါလာသည်မဟုတ်။ အချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသည်၊ ဟုငါဆို၏။ ၅၂ အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တအိမ်၌ နေသော လူငါးယောက်တို့သည် နှစ်ယောက်တစု၊ သုံးယောက်တစု အချင်းချင်း ကွဲပြားလိမ့်မည်။ ၅၃ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ကပ်ကာလပိုင်းခြား၍ မသိနိုင်ကြ

၅၄ တဖန် လူတစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌(b) မိုးရိပ်တက်သည်ကို မြင်သောအခါ၊ မိုးရွာမည်၊ ဟုချက်ချင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။ ၅၅ တောင်လေ(c) လာသည်ကို မြင်သောအခါ နေပူမည်၊ ဟုဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။ ၅၆ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏ မျက်နှာနှင့် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍ မသိနိုင်ကြသနည်း။ ၅၇ ထိုမှတပါး​ ဖြောင့်မတ်ခြင်းတရားကို၊ အဘယ်ကြောင့် အလိုအလျောက် ပိုင်းခြား၍၊ မသိကြသနည်း။


တရားတွေ့ဘက်နှင့်ပြေလည်စေကြ

၅၈ သင်သည် တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ၊ အမှုပြေစေခြင်းငှါ လမ်း၌ ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီးရှေ့သို့ ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း၌ အပ်၍၊ လုလင်ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။ ၅၉ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲက မထွက်ရ၊ ငါဆိုသည်၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


၁၃ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။

၅၄ (b) ဣသရေလပြည်၏ အနောက်ဖက်၌ မြေထဲပင်လယ်ရှိသည်။ ထို့ကြောင့်အနောက်ဖက်မှ လေတိုက်လျှင် မိုးရွာတတ်ခြင်းဖြစ်သည်။ တိုင်းနိုင်ငံတိုင်းနှင့် မဆိုင်ပါ။

၅၅ (c) ဣသရေလပြည်၏ တောင်ဖက်၌ သဲကန္တာရရှိသည်။ ထို့ကြောင့် တောင်လေတိုက်လျှင် မိုးမရွာပါ။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.