-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၄

မျိုးစေ့ကြဲခြင်း

နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ များစွာသော လူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ် အပေါင်းတို့သည် အိုင်နားကုန်းပေါ်မှာ နေကြ၏။ ထိုအခါ ဥပမာစကားအားဖြင့် များစွာသော ဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊ နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ ကျသဖြင့်၊ မိုးကောင်းကင် ငှက်တို့သည်လာ၍ ကောက်စားကြ၏။ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်းအပင် ပေါက်သော်လည်း၊ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆတရာ၊ ပွားများ၍ အသီးသီးကြ၏။ ကြားစရာနား ရှိသောသူမည်သည်ကား ကြားပါစေ၊ ဟုမိန့်တော်မူ၏။


မျိုးစေ့ကြဲခြင်း၏အနက်
CROSS REFERENCES






၁၀ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထိုဥပမာကို မေးမြန်းကြလျှင်၊ ၁၁ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။ ၁၂ ပြင်၌ ရှိသောထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲ မြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။ [A]၁၃ သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။ ၁၄ မျိုးစေ့ကြဲသောသူသည် တရားစကားကို ကြဲ၏။ ၁၅ တရားစကားကို လမ်း၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန်သည် ချက်ချင်းလာ၍ နှလုံး၌ ကြဲသော တရားစကားကို နှုတ်ယူတတ်သည်၊ ဟုဆိုလိုသတည်း။ ၁၆ ကျောက်ပေါသော အရပ်၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ချင်း ခံယူသော်လည်း၊ ၁၇ စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်၊ ဟုဆိုလိုသတည်း။ ၁၈ ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊ ၁၉ လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်း စိတ်တို့သည် တရားစကားကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်၊ ဟုဆိုသတည်း။ ၂၀ ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်၊ ဟုဆိုလိုသတည်း။


ဆီမီးကိုဆီမီးခုံပေါ်မှာမတင်

၂၁ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါယူခဲ့သလော။ ၂၂ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။ ၂၃ ကြားစရာနား ရှိသောသူမည်သည်ကား ကြားပါစေ။ ၂၄ ထိုမှတပါး သင်တို့သည် အဘယ်သို့ ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်တိုင် ခံရကြမည်။ ၂၅ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။


မျို့စေ့ကြဲခြင်းနှင့်နိုင်ငံတော်

၂၆ ထိုမှတပါး၊ လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ၂၇ နောက်တဖန် မိမိမကြည့်မမှတ်၊ ည၊ နေ့၊ အိပ်လျက်၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော်တူ၏။ ၂၈ မြေကြီးသည် မိမိအလိုအလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာအ​ညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာအောင် မာသော အဆန်ကို ဖြစ်စေတတ်၏။ ၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်၊ ဟုမိန့်တော်မူ၏။


နိုင်ငံတော်နှင့်မုန်ညှင်းစေ့

၃၀ ထိုမှတပါး၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်းဟူမူကား၊ ၃၁ မုံညင်းစေ့နှင့် တူ၏။ မုံညင်းစေ့သည် မြေ၌ စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊ ၃၂ မြက်ပင် တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်း ကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီး တို့ကို ဖြစ်စေတတ်သည်၊ ဟုမိန့်တော်မူ၏။ ၃၃ ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များ နားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။ ၃၄ ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာ အရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။


ပင်လယ်လှိုင်းလေငြိမ်းစေ

၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့၊ ဟုမိန့်တော်မူလျှင်၊ ၃၆ တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။ ၃၇ ထိုအခါ ပြင်းစွာသော မိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည်ရေနှင့် ပြည့်လေ၏။ ၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍ နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နိုးပြီးမှ၊ ဆရာ၊(a) အ​ကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသော စိတ်ရှိတော်မူသလော၊ ဟုလျောက်ကြသော်၊ ၃၉ ကိုယ်တော်သည်ထ၍ တိတ်ဆိတ် ငြိမ်ဝပ်စွာနေ၊ ဟုလေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။ ၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်း စိတ်နှင့် ကင်းသနည်း၊ ဟုမေးတော်မူလျှင်၊ ၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင် ပါသည်တကား၊ ဟုအချင်းချင်းပြောဆိုကြ၏။

_________________________
Footnotes


၃၈ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.