-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၂

ဥယျာဉ်နှင့် ဥယျာဉ်စောင့်များ

ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်၍၊ စောင်ရန်းကိုလုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့ သွားလေ၏။ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သော သူတို့လက်မှ စပျစ်သီး ကိုခံစေခြင်းငှါ၊ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။ ထိုသူတို့သည် ငယ်သားကို ဖမ်းဆီး၍ ရိုက်ပြီးမှ၊ လက်ချည်း လွှတ်လိုက်ကြ၏။ နောက်တဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍၊ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။ အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသော ငယ်သားတို့တွင် အချို့တို့ကိုရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။ ထို့ကြောင့် ဥယျာဉ်ရှင်သည်၊ မိမိ၏ချစ်သား တယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်၊ ဟုဆို၍၊ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်၊ ဟုအချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ သတ်၍၊ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ၊ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။


ပယ်ထားသောကျောက်
CROSS REFERENCES






၁၀ တိုက်ကိုတည်လုပ်သော သူများပယ်ထားသော ကျောက်သည်၊ နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။ [A] ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသော အမှုဖြစ်၏။ ၁၁ ငါတို့မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏၊ ဟူသောစကားကို ကျမ်းစာ၌၊ သင်တို့သည် မဖတ်ဘူးသလော၊ ဟုမိန့်တော်မူ၏။ ၁၂ ထိုသူတို့သည် မိမိတို့ကို ရည်ဆောင်၍၊ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။


ကဲသာဘုရင်ဥစ္စာကို ကဲသာအားဆက်ပေးကြလော့

၁၃ တဖန်စကားတော်ကို ချောင်းမြောင်း၍၊ အပြစ်ပြုခွင့်ကို ရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို၊ အထံတော်သို့ စေလွှတ်ကြ၏။ ၁၄ ထိုသူတို့သည် ချဉ်းကပ်၍၊ ဆရာ၊ (a) ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှ မကြောက်၊ လူ့မျက်နှာကို မထောက်ဘဲ၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို၊ အ​ကျွန်ုပ်တို့သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။ ၁၅ အ​ကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လော၊ ဟုမေးလျှောက်ကြ၏။ ကိုယ်တော်သည်၊ ထိုသူတို့၏ လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ် ကြောင့် စုံစမ်းနှောင့် ယှက်ကြသနည်း။ ဒေနာရိတပြားကို ငါကြည့်ဘို့ ယူခဲ့ကြ၊ ဟုမိန့်တော်မူ၍၊ ၁၆ သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏ လိပ်စာဖြစ်သနည်း၊ ဟုမေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ လိပ်စာဖြစ်ပါသည်၊ ဟုလျှောက်ကြသော်၊ ၁၇ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့၊ ဘုရားသခင်၏ ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့၊ ဟုမိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။


ထမြောက်ခြင်း၌ထိမ်းမြားခြင်းမရှိ

၁၈ ထမြောက် ရှင်ပြန်ခြင်း မရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း၊ အထံတော်သို့ ချဉ်းကပ်၍၊ [B] ၁၉ ဆရာ၊(a) လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍၊ အကိုအမျိုး မပြတ်ဆက်နွယ်စေ၊ ဟုအ​ကျွန်ုပ်တို့အား မောရှေ စီရင်ရေးထားပါပြီ။ ၂၀ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေလျှင်၊ ၂၁ သူ၏မယားကို သူ့ညီအကြီးသိမ်း ယူ၍၊ သားမရှိဘဲ သေပြန်လေ၏။ ၂၂ ထို့အတူ တတိယသူမှစ၍၊ တယောက်နောက် တယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည်၊ ထိုမိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။ ၂၃ သို့ဖြစ်၍၊ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ၊ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည်၊ ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီ၊ ဟုမေးလျှောက်ကြ၏။ ၂၄ ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏ တန်ခိုးတော်ကို မသိသောကြောင့်၊ မှားသောအယူကို ယူကြ၏။ [C] ၂၅ သေခြင်းမှ ထမြောက်သောအခါ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန် ကဲ့သို့ဖြစ်ကြ၏။ ၂၆ ထိုမှတပါး၊ သေလွန်သောသူတို့၏ ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်၊ ဟုမောရှေအား မိန့်တော်မူကြောင်းကို၊ မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည် မဖတ်ဘူးသလော။ ၂၇ ဘုရားသခင်သည်၊ သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သော သူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့်သင်တို့သည် အလွန်မှားကြသည်၊ ဟုမိန့်တော်မူ၏။


အကြီးမြတ်ဆုံးပညတ်
CROSS REFERENCES





CROSS REFERENCES






၂၈ ထိုသို့ ဆွေးနွေး ငြင်းခုံကြသည်ကို၊ ကျမ်းပြု ဆရာတယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင်၊ အထံတော်သို့ ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည်သာ၍ မြတ်သနည်း၊ ဟုမေးလျှောက်သော်။ ၂၉ ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသော ပညတ်ဟူမူကား၊ အိုဣသရေလလူမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည်၊ တပါးတည်း ဖြစ်တော်မူ၏။ ၃၀ သင်၏ ဘုရားသခင် ထာဝရဘုရားကို၊ စိတ်နှလုံးအကြွင်းမဲ့၊ ဝိညာဉ်ရှိသမျှ၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ (b) [D] ဤပညတ်သည် ပဌမပညတ်ဖြစ်၏။၃၁ ထိုမှတပါး၊ ကိုယ်နှင့် စပ်ဆိုင်သောသူကို၊ ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည်၊ ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်ထို့ထက်သာ၍ ကြီးမြတ်သော ပညတ်မရှိ၊ ဟုပြန်၍မိန့်တော်မူ၏။ ၃၂ ကျမ်းပြုဆရာကလည်း၊ ဆရာ၊ (a) အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ၃၃ ထိုဘုရားသခင် မှတပါး အခြားသော ဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ [E] ကိုယ်နှင့် စပ်ဆိုင်သောသူတို့ကိုလည်း ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည်၊ မီးရှို့သော ယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက်၊ သာ၍ မြတ်ပါသည်၊ ဟုလျှောက်လေ၏။ ၃၄ ထိုသို့ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရား သခင်၏ နိုင်ငံတော်နှင့်မဝေး၊ ဟုမိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။


ခရစ်တော်သည်ဒါဝိဒ်၏သား

၃၅ ထိုအခါယေရှုသည် ဗိမာန်တော်၌၊ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်၊ ဟုကျမ်းပြုဆရာတို့သည်၊ အဘယ်ကြောင့် ဆိုကြသနည်း။ ၃၆ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်၍နေလော့၊ ဟုငါ၏သခင် အားမိန့်တော်မူသည်၊ ဟုသန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။ ၃၇ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟုခေါ်လျှင်၊ အဘယ်သို့သူ၏ သားဖြစ်သနည်း၊ ဟုမေးတော်မူ၏။ လူများအပေါင်းတို့သည်၊ အားရ ဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။


ကျမ်းပြုဆရာတို့ကိုရှောင်ကြလော့

၃၈ ထိုသို့ ဆုံးမဩဝါဒ ပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သော အင်္ကျီကိုဝတ်လျက် လည်ခြင်းငှါ အလိုရှိကြ၏။ စျေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ ၃၉ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။ ၄၀ သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ၊ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည်သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြမည်၊ ဟုမိန့်တော်မူ၏။


မုဆိုးမအများဆုံးလှူ

၄၁ ထိုနောက် ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သော သူများတို့သည် များစွာသွင်းချကြ၏။ ၄၂ ဆင်းရဲသော မုဆိုးမတယောက်သည် လာ၍၊ တပဲလောက် တန်သော ကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။ ၄၃ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍၊ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတော် တိုက်ထဲသို့ သွင်းချသောသူ အပေါင်းတို့ထက်၊ ထိုဆင်းရဲသော မုဆိုးမသည်သာ၍ သွင်းချေခဲ့ပြီ။ ၄၄ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီ၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes



၁၄ (a) ၁၉ နှင့် ၃၂ မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။

၃၀ (b) မြန်မာကျမ်းစာအုပ်၌ "ဝိညာဉ်" မပါချေ။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.