-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၀

လင်မယားတသားတကိုယ်တည်း
CROSS REFERENCES






ထိုအရပ်မှ ကိုယ်တော်သည် ထ၍၊ ယော်ဒန်မြစ်တဘက်ကို လျှောက်သွားသဖြင့်၊ ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌ စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း၊ တဖန် ဆုံးမဩဝါဒ ပေးတော်မူ၏။ ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့် ကွာအပ်သလော၊ ဟုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်ကြသော်၊ ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့စီရင်သနည်း၊ ဟုလှန်၍မေးတော်မူလျှင်၊ သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါ၊ မောရှေစီရင်ပါသည်၊ [A] ဟုလျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့်၊ မောရှေသည် ထိုပညတ်ကို ရေးထားသတည်း။ [B] ဘုရားသခင် ဖန်ဆင်းတော်မူစက၊ ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ [C] ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည်၊ တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ [D] ထိုကြောင့် လင်မယားတို့သည်၊ နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်တွဲဘက်၍ ထမ်းပိုးတင်တော်မူသော အရာကို၊ လူမခွဲမခွါစေနှင့်၊ဟုမိန့်တော်မူ၏။

လင်မယားမကွာရ

၁၀ နောက်တဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ ၁၁ ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍၊ အခြားသော မိန်းမနှင့်စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကို ပြစ်မှား၏။ ၁၂ မိန်းမသည်လည်း၊ မိမိလင်နှင့်ကွာ၍ အခြားသော ယောက်ျားနှင့် စုံဘက်ခြင်းကိုပြုလျှင်၊ မှားယွင်းခြင်းသို့ ရောက်သည်၊ ဟုမိန့်တော်မူ၏။ [E]


သူငယ်တို့မဆီးတားနှင့်
CROSS REFERENCES






၁၃ ထိုအခါ သူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှါ၊ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော်တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။ ၁၄ ယေရှုသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ၊ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည်၊ ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။ ၁၅ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရ၊ ဟုမိန့်တော်မူပြီးမှ၊ ၁၆ သူငယ်တို့ကိုချီပိုက်၍၊ သူတို့အပေါ်မှာ လက်တော်ကို တင်လျက် ကောင်းကြီးပေးတော်မူ၏။ [F]


ထာ၀ရအသက်မည်သို့ရမည်ကိုမေး

၁၇ လမ်းမှာကြွတော်မူစဉ်တွင်၊ လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ထာဝရ အသက်ကို အမွေခံရအံ့သောငှါ၊ အ​ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း၊ ဟုမေးလျှောက်သော်၊ ၁၈ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်၊ ဟုအဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင် တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ ၁၉ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက် သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့၊ ဟုမိန့်တော်မူလျှင်၊ ၂၀ ဆရာ၊(a) ထိုပညတ်ရှိသမျှတို့ကို၊ အ​ကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ၊ ဟုလျှောက်ပြန်လျှင်၊ ၂၁ ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက်၊ ချစ်သောစိတ်ရှိ၍၊ သင်သည်တခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍၊ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့ လိုက်လော့၊ ဟုမိန့်တော်မူ၏။ ၂၂ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍၊ စိတ်မသာသည်နှင့် သွားလေ၏။


ကုလားအုပ်အပ်နှဖားလျှိုလွယ်
CROSS REFERENCES






၂၃ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည်၊ ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏၊ ဟုပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။ ၂၄ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်းမောတွေဝေခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါ့သားတို့၊ မိမိဥစ္စာကို မှီခိုသောသူသည်၊ ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ၂၅ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည်၊ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်၊ ဟုမိန့်တော်မူ၏။ ၂၆ ထိုသူတို့သည်သာ၍ မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ၊ ဟုအချင်းချင်း ပြောဆိုကြ၏။ ၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည် မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို၊ တတ်နိုင်တော်မူသည်၊ [G] ဟုမိန့်တော်မူ၏။


ကိုယ်တော်နောက်လိုက်ခ

၂၈ ထိုအခါပေတရုက၊ အ​ကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍၊ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ၊ ဟုလျှောက်လေသော်၊ ၂၉ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။ ၃၀ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော၊ ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွအိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း၊ ခံရလတံ့။ ၃၁ နောက်ကျသောသူ အများတို့သည်၊ အရင်ကျကြလိမ့်မည်။ အရင်ကျသောသူ အများတို့သည်၊ နောက်ကျကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


အသတ်ခံမည့်အကြောင်းပြော

၃၂ ယေရုရှလင်မြို့သို့ တက်သွားကြရာ၊ လမ်းမှာယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍၊ ကြောင်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးတို့ကို တဖန်ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ၃၃ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်၍၊ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ ၃၄ သူတို့သည်လည်း လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍၊ မိမိကိုယ်၌ ရောက်လတံ့သော အမှုအရာတို့ကို၊ တပည့်တော်တို့အား မိန့်တော်မူ၏။


လက်ဝဲယံလက်ျာယံလျှောက်

၃၅ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ ဆရာ၊(a) အ​ကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူ စေချင်ပါသည်၊ ဟုလျှောက်လေ၏။ ၃၆ ကိုယ်တော်က၊ ငါသည် သင်တို့ကို အဘယ်သို့ ပြုစေချင်သနည်း၊ ဟုမေးတော်မူသော်၊ ၃၇ ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ၊ အ​ကျွန်ုပ်တို့သည် လက်ျာတော်ဘက်၌ တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ ထိုင်ရသောအခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်ကြ၏။ ၃၈ ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သော ခွက်ကိုသောက်ခြင်းငှါ၎င်း၊ ငါခံသော ဗတ္တိဇံကိုခံခြင်း ငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလော၊ ဟုမေးတော်မူလျှင်၊ ၃၉ အ​ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏၊ ဟုလျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြလိမ့်မည်။ ၄၀ သို့သော်လည်း၊ ငါ့လက်ျာဘက် လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား၊ အကြင်သူတို့အဘို့အလိုငှါ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်၊ ဟုမိန့်တော်မူ၏။


ယေရှုအစေခံခြင်းငှါလာ
CROSS REFERENCES






၄၁ အခြားသော တပည့်တော် တကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။ ၄၂ ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည်၊ အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ ၄၃ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသောသူသည်၊ သင်တို့အစေခံ ဖြစ်ရမည်။ ၄၄ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သောသူသည်လည်း၊ အလုံးစုံတို့၏ စေခိုင်းရာ​ကျွန် ဖြစ်ရမည်။ ၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါး အစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသတည်း၊ [H] ဟုမိန့်တော်မူ၏။


လူကန်းဗာတိမဲ
CROSS REFERENCES





CROSS REFERENCES






၄၆ ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည်၊ လမ်းနားမှာထိုင်၍ တောင်းစားလေ၏။ ၄၇ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏ သားတော်ယေရှု၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ၊ ဟုဟစ်ကြော်လေ၏။ ၄၈ ထိုသူကို တိတ်ဆိတ်စွာ နေစေခြင်းငှါ၊ လူများတို့သည်​ ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ [I]အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ၊ ဟုသာ၍ ဟစ်ကြော်လေသော်၊ ၄၉ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့၊ ဟုအမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ [J] ထလော့။ သင့်ကိုခေါ်တော်မူသည်၊ ဟုဆိုကြ၏။ ၅၀ ထိုသူသည် မိမိအဝတ်ကိုခြုံပြီးလျှင်၊ ထ၍ ယေရှုထံတော်သို့သွား၏။ ၅၁ ယေရှုကလည်း၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်း၊ ဟုမေးတော်မူလျှင်၊ ၅၂ ဆရာ၊(b) အ​ကျွန်ုပ်မျက်စိ မြင်စေခြင်းငှါ ပြုတော်မူပါ၊ ဟုလူကန်းလျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီ၊ ဟုမိန့်တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍၊ လမ်း၌ နောက်တော်သို့ လိုက်လေ၏။

_________________________
Footnotes


၂၀ နှင့် ၃၅ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။

၅၂ (b) မူရင်းဂရိတ်ကျမ်း၌ ῥαββουνί အင်္ဂလိပ်အသံထွက် Rabboni ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.