တရားဟောရာကျမ်း
အခန်းကြီး ၂၄
မိန်းမသည်အရင် လင်ဟောင်းထံ မပြန်လာရ
၁ တစုံ တယောက်သော သူသည် မယားနှင့် ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကို ရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။ [A] ၂ ထိုမိန်းမသည် လင်အိမ်မှ ထွက်သွားသောနောက်၊ အခြားသော သူ၏ မယားဖြစ်ရသော အခွင့်ရှိ၏။ ၃ နောက်နေသော လင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍ သူ၌ အပ်သဖြင့် လွှတ်လိုက်သည့် ဖြစ်စေ၊ ထိုလင်သေသည် ဖြစ်စေ၊ ၄ အရင်လွှတ်လိုက်သော လင်ဟောင်းသည် ညစ်ညူးခြင်း ရှိသော ထိုမိန်းမကို နောက်တဖန် မသိမ်းရ။ [B] ထာဝရဘုရား ရှေ့တော်၌ စက်ဆုပ်ဘွယ်သော အမှုဖြစ်၏။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသော ပြည်၌ အပြစ်မရောက်စေရ။
အိမ်ထောင်ပြုစ တနှစ်နားရမည်
၅ အိမ်ထောင်ဘက် ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ့်အိမ်၌ အလွတ်နေ၍ မယားကို ကျွေးမွေး ပြုစုရမည်။
လူမရောင်းရ
၆ ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။ ၇ လူသည် မိမိအမျိုးသားချင်း ဖြစ်သော ဣသရေလ အမျိုးသားကိုခိုး၍ ကျွန်အရာ၌ ထားသည် ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ်ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြမည်။
နူနာနှင့် ပတ်သက်၍
၈ နူနာဘေး ရောက်သောအခါ၊ လေဝိသား ယဇ်ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည့်အတိုင်း ကျင့်စောင့်ကြလော့။ ၉ သင်တို့သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွားကြစဉ်တွင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသော အမှုကို အောက်မေ့ကြလော့။
အပေါင်ပစ္စည်းနှင့်ပတ်သက်၍
၁၀ သင်သည် အမျိုးသားချင်း၌ တစုံတခုကို ချေးငှားလျှင်၊ အပေါင်ထားသော ဥစ္စာကိုယူခြင်းငှာ သူ့အိမ်ထဲသို့ မဝင်ရ။ ၁၁ သင်သည် အိမ်ပြင်မှာ ရပ်နေ၍၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာ အိမ်ပြင်သို့ ဆောင်ခဲ့ရမည်။ ၁၂ ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညကိုမလွန်စေရ။ ၁၃ သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သူပေါင်၍ ထားသော ဥစ္စာကို နေဝင်လျှင် ဆက်ဆက် ပြန်အပ်ရမည်။ ထိုသို့ပြုသော အမှုသည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဖြောင့်မတ်သော အမှု ဖြစ်လိမ့်မည်။
ဆင်းရဲသားနှင့်ပတ်သက်၍
၁၄ အမျိုးသားချင်း ဖြစ်စေ၊ သင့်နေရာ မြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ ဆင်းရဲ ငတ်မွတ်သော သူငှားကို မညှဉ်းဆဲရ။ ၁၅ နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက်သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍၊ ထာဝရဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ် ရောက်မည်၊ ဟုစိုးရိမ်စရာရှိ၏။
လူတိုင်း မိမိအပြစ်ကြောင့်သာ သေရမည်
၁၆ အဘသည် သား၏ အပြစ်ကြောင့်၎င်း၊ သားသည် အဘ၏ အပြစ်ကြောင့်၎င်း၊ အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။ [C]
တရားရှာတွေ့ခြင်းအမှုမှာ
၁၇ တရားရှာတွေ့ခြင်း အမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုဆိုးမ အဝတ်ကို အပေါင်မယူရ။ ၁၈ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ် တော်မူကြောင်းကို၎င်း၊ အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။
သီးနှံများကို ဆင်းရဲသားများအတွက် ချန်ထားပါ
၁၉ သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သော ကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးမျိုးသား၊ မိဘ မရှိသောသူ၊ မုဆိုးမ အဖို့ ထားရမည်။ ၂၀ သင်၏ သံလွင်သီးကို ရိတ်ချွေသောအခါ၊ ကျန်ကြွင်းသော အသီးကိုပြန်၍ မရိတ်မချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုဆိုးမ အဖို့ ထားရမည်။ ၂၁ သင်၏ စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသော အသီးသည် တပါးအမျိုးသား၊ မိဘ မရှိသောသူ၊ မုဆိုးမ အဖို့ ဖြစ်ရမည်။ ၂၂ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။