တရားဟောရာကျမ်း
အခန်းကြီး ၂၂
လမ်းလွဲသော နွားပျောက်သောဥစ္စာ
၁ သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက် ပြန်ပို့ရမည်။ ၂ ညီအစ်ကိုသည် အဝေး၌ရှိသော်၎င်း၊ သူ့ကိုမသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည် မရှာ၊ သူ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရမည်။ ၃ မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ ဥစ္စာတစုံတခု ပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍ မနေဘဲ ထို့အတူ ပြုရမည်။ ၄ ညီအစ်ကို၏ မြည်းနွားသည် လမ်း၌ လဲလျက်ရှိသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့် ဝိုင်း၍ ဆက်ဆက် မစရမည်။ [A]
မိန်းမအဝတ် ယောက်ျားအဝတ်မဝတ်ရ
၅ မိန်းမသည် ယောကျ်ား အဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူ ရှိသမျှတို့ကို သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ၏။
ငှက်သိုက်နှင့် ပတ်သက်သော ပညတ်
၆ သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက်နေသည်ကို တွေ့လျှင်၊ သားငယ်တို့ နှင့်အတူ အမိကို မယူရ။ ၇ သင်သည် ကောင်းစား၍ အသက်တာ ရှည်မည်အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်ရမည်။
အိမ်မိုးပတ်လည် အဆီးအတားလုပ်
၈ လူသည် အိမ်မိုးပေါ်က ကျ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည် အကြောင်း၊ အိမ်အသစ်ကို ဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအတားကို လုပ်ရမည်။
မတူညီသော မျိုးစေ့မကြဲရ
၉ စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင်အသီး နှစ်ပါးစလုံး ပျက်လိမ့်မည်။ ၁၀ နွားနှင့်မြည်းကို ဘက်၍ လယ်မထွန်ရ။ ၁၁ ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သော အဝတ်ကို မဝတ်ရ။ ၁၂ သင်ခြုံသော အဝတ်စွန်းလေးဘက်၌ ပန်းပွားတို့ကို ဆွဲရမည်။
မိန်းမကိုမုန်း၍ ကညာမစစ် ဟုဆိုလျှင်
၁၃ လူသည် မယားနှင့် ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန် ထိုမိန်းမကို မုန်း၍၊ ၁၄ ငါသည် ဤမိန်းမနှင့် ထိမ်းမြား ဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီ၊ ဟုထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု၍ သူ့အသေရေကို ဖျက်လျှင်၊ ၁၅ ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊ ၁၆ ထိုမိန်းမ၏ အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ် ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကို မုန်း၍၊ ၁၇ သင်၏ သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီ၊ ဟုဆိုလျက်၊ ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏၊ ဟုအသက်ကြီးသူတို့အား လျှောက်ဆိုလျက်၊ ထိုအဝတ်ကို သူတို့ရှေ့မှာ လှန်၍ ပြရမည်။ ၁၈ ထိုအခါမြို့ ၌ အသက်ကြီးသူ တို့သည် ထိုလူကို ယူ၍ ရိုက်ပြီးမှ၊၁၉ ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘ အားပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏ အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏ မယားဖြစ်ရမည်။ တသက်လုံး ထိုမိန်းမနှင့် မကွာရ။
ကညာမစစ်သော မိန်းမသတ်ရမည်
၂၀ သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာ လက္ခဏာ သက်သေမရှိလျှင်၊ ၂၁ မြို့သား ယောကျ်ားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့ လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲသော အမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
သူ့မယားနှင့်မှားယွင်းခြင်းအမှု
၂၂ လင်ရှိသော မိန်းမနှင့် အခြားသော ယောက်ျားသင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောကျ်ားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှားရမည်။ ၂၃ အပျိုကညာကို ယောကျ်ားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ၊ အခြားသော ယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊ ၂၄ ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ် သောကြောင့်၎င်း၊ ယောကျ်ားလည်း သူ့မယားကို ရှုတ်ချသောကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
တော၌ မိန်းမနှင့်မှားယွင်းလျှင်
၂၅ အပျိုကို ယောက်ျားနှင့် ထိမ်းမြား ဆောင်နှင်းပြီးမှ အခြားသော ယောက်ျားသည် တော၌ တွေ့၍ အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။ ၂၆ သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ။ ၂၇ အကြောင်းမူကား၊ ယောကျ်ားသည် ထိုမိန်းမကို တော၌ တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့်၊ ထိုအမှုသည် လူချင်း တယောက်ကို တယောက် ရန်ပြု၍ သတ်သောအမှုနှင့် တူ၏။ ၂၈ ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေးသော အပျိုကညာကို အခြားသော ယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊ ၂၉ ထိုယောကျ်ားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။ ၃၀ လူသည် မိမိအဘနှင့်သာ ဆိုင်သော အဘ၏မယားကို မသိမ်းရ။