တရားဟောရာကျမ်း
အခန်းကြီး ၁၅
ခုနစ်နှစ်တကြိမ်လွှတ်ခြင်း
၁ ခုနစ်နှစ် တခါ လွှတ်ခြင်းကို ပြုရမည်။ ၂ လွှတ်ခြင်း တရားဟူမူကား၊ ကိုယ်နှင့် စပ်ဆိုင်သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရား လွှတ်ခြင်းကာလ ဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ၊ ၃ တကျွန်းတနိုင်ငံသား၌ တောင်းရသော အခွင့်ရှိ၏။ ညီအစ်ကို၌ ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်၊ ၄ သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် အမွေခံဖို့ရာ အပိုင်ပေးတော်မူသော ပြည်၌ သင့်ကို အလွန်ကောင်းကြီး ပေးတော်မူမည်။ ၅ ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်သုံးမည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။ ၆ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိ လိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင် ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။
ဆင်းရဲသားကို ကူညီမစရမည်
၇ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသော စိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။ ၈ သင်၏လက်ကို သူ့အဖို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။ ၉ သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ် တည်းဟူသော လွှတ်ရာနှစ် နီးပြီ၊ ဟုအောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသော စိတ်ရှိ၍၊ ဘာမျှမပေးဘဲ နေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ် မရောက်မည်အကြောင်း သတိပြုလော့။ ၁၀ အကယ်စင်စစ် သူ့အား ပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူမည်။ ၁၁ သင့်နေရာပြည်၌ ဆင်းရဲသား မပြတ်ရ။ ထိုကြောင့်၊ သင့်ပြည်၌ ဆင်းရဲ ငတ်မွတ်သော ညီအစ်ကိုချင်းတို့အား၊ သင်၏လက်ကို ကျယ်ကျယ်ဖွင့် ရမည်အကြောင်း ငါမှာထား၏။
အမျိုးသားချင်းကျွန်ကို ဥစ္စာများပေး၍ လွှတ်ရမည်
၁၂ သင်၏ ညီအစ်ကိုချင်း၊ ဟေဗြဲ အမျိုး ယောကျ်ားမိန်းမသည် သင်၌ ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ် ရောက်လျှင် လွှတ်ရမည်။ ၁၃ လွှတ်သောအခါ၊ လက်ချည်း မလွှတ်ဘဲ၊ ၁၄ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီး ပေးတော်မူသည်အတိုင်း၊ သင်၏ သိုးစု၊ ကောက်နှယ်တလင်း၊ စပျစ်သီးနှယ်ရာ ကျင်းထဲက များစွာပေးရမည်။ ၁၅ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို၎င်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။
ကျွန်လွှတ်ဖို့ ခက်သည်၊ ဟုမထင်ရ
၁၆ သို့ရာတွင်ကျွန်က၊ ကျွန်တော်သည် မထွက်မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သားတို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏၊ ဟုဆိုလျှင် ၁၇ သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏ နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲ ကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌ လည်းပြုရမည်။ ၁၈ သင်၏ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံသဖြင့်၊ သူငှား ဆောင်ရွက်သော အမှုနှစ်ဆကို သူသည် ဆောင်ရွက်လေပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်လည်း သင်ပြုလေရာရာ၌ ကောင်းကြီးပေးတော်မှုမည်။
အဦးဖွားသော သိုးနွားများ
၁၉ သင်၏သိုးနွားတို့တွင် အဦးဖွားသော အထီးရှိသမျှတို့ကို သင်၏ ဘုရားသခင် ထာဝရဘုရား အဖို့ သန့်ရှင်းစေရမည်။ အဦးဖွားသောနွား၊ အဦးဖွားသော သိုးတို့ကို မသုံးဆောင်ရ။ ၂၀ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်မှာ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ထိုသိုး၊ နွားတို့ကို နှစ်စဉ် မပြတ် အိမ်သူအိမ်သားတို့ နှင့်တကွ ကိုယ်တိုင်စားရမည်။ ၂၁ ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်းအစရှိသော အင်္ဂါချို့တဲ့ခြင်း အပြစ်၊ အခြားသော အပြစ် တစုံတခုရှိလျှင်၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားအား ယဇ်မပူဇော်ရ။ ၂၂ သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။ ၂၃ သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့သို့ မြေပေါ်မှာ သွန်ရမည်။